(စ) မြန်မာ့စိုက်ပျိုးရေးဘဏ်မှတောင်သူလယ်သမားများအား ငွေကြေးလိုအပ်ချိန်၌ အတိုးငွေကိုထုတ်ယူခွင့် ပြုရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မေးမြန်းမယ့်မေးခွန်းကတော့ နိုင်ငံအဝန်းမှာရှိတဲ့ တောင်သူ လယ်သမားများရဲ့ အခက်အခဲနဲ့ပတ်သက်လို့ မေးမြန်းမှာဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံတော်မှာ ဝန်ထမ်းလောကရဲ့ဦးရေကို ပြန်လည်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းအရ ဥပဒေပညာရှင် များနှင့် အကြီးတန်းအရာရှိများနဲ့ အခြားပညာရှိများရဲ့ ရာခိုင်နှုန်းဟာ ဝ.၄ ဖြစ်ပါတယ်။ အသက်မွေး ဝမ်းကျောင်းပြုတဲ့ ပညာရှင်တွေကတော့ ၂.၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ စက်မှုအသက်မွေးပညာနဲ့ ပတ်သက်လို့ ပညာရှင်တွေက ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။ စာရေး၊ စာချီများက ၂.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဝန်ဆောင်မှုနှင့် အရောင်းလုပ်သားတွေက ၁၀.၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်တဲ့ဝန်ထမ်းများက ၃၂. ၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်မှုပညာသည် များက ၁၁.၆ ရာခိုင်နှုန်းဖြစ်ပြီးတော့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေက ၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အခြေခံအလုပ်လုပ်တဲ့လူတွေကတော့ ၃၄.၈ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ရာခိုင်နှုန်းအားဖြင့် များပြားတဲ့ လယ်သမားများအနေနဲ့ ယနေ့ နိုင်ငံတော် အစိုးရသစ်အသွင်ကူးပြောင်းတဲ့ကာလမှာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ တစ်နှစ်တာကာလအတွင်း အုပ်ချုပ်တဲ့အချိန်မှာ သူတို့ရဲ့လယ်ယာလုပ်ငန်းနဲ့ပတ်သက်လို့ စပါးတစ်တင်းရဲ့တန်ဖိုးဟာ ကျပ် ၄၀၀၀၊ ၅၀၀၀ ကနေပြီးတော့ ယနေ့ ၂၈၀၀၊ ၃၃၀၀ အထိ ကျဆင်းလာပါတယ်။ ပဲတစ်တင်း တန်ဖိုးနဲ့ပတ်သက်လို့လည်း ယခင် ၃၀၀၀၀ ကျော်ကနေ ယနေ့ ၁၈၀၀၀ ဝန်းကျင်အထိ ကျဆင်းလာ တာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော် အလုပ်သမားဈေးနဲ့ပတ်သက်လို့တော့ ယခင် ၁၅၀၀ ကနေ ယနေ့ ၂၅၀၀ ထိ မြင့်တက်လာပါတယ်။ အလားတူပဲ ဓာတ်မြေသြဇာဈေးနှုန်း၊ ပိုးသတ်ဆေးဈေးနှုန်း၊ ပို့ဆောင်စရိတ်စသည်တို့ဟာ မြင့်တက်လာတဲ့အတွက်ကြောင့် လယ်သမားများရဲ့ စားဝတ်နေရေးဟာ ယခင်ကာလထက် ပိုမိုပြီးတော့ အကျပ်အတည်းများနဲ့ တွေ့ကြုံနေရတဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားများအနေနဲ့ သူတို့ရဲ့အခက်အခဲကို ြဖေရှင်းပေးတဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေပြီးတော့ တောင်သူလယ်သမားချေးငွေတွေကို ချေးခဲ့ရ ပါတယ်။ ချေးငွေအနေနဲ့ လယ်တစ်ဧက ကနေ ၁၀ ဧကကို ချေးငွေ ၄၀၀၀၀ နှုန်းနဲ့ ထုတ်ချေးပါတယ်။ ချေးငွေပေါ်မှာ ၆ ရာခိုင်နှုန်းကို စုဆောင်းငွေနဲ့တဲ့စုဆောင်းရတာ တွေ့ရှိရပါတယ်။ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်ကတော့ အိုနာစာရန်ပုံငွေအတွက် အသက်ကြီးလာရင် သုံးဖို့ဆိုပြီးတော့ လုပ်ပေးတယ် လို့လည်း သိရပါတယ်။ သို့သော် လယ်သမားများ ယနေ့ကြုံတွေ့နေရတဲ့ စီးပွားရေးအခက်အခဲ ကြောင့် တစ်ကြိမ်ချေးတိုင်း၊ ချေးတိုင်း သူတို့လယ်တစ်ဧကပေါ်မှာ ၂၄၀၀ ကျပ်စုဆောင်းခဲ့ကြ ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ယနေ့လို အခက်အခဲဖြစ်တဲ့အချိန်မှာ တချို့လည်းဒီငွေတွေကို ပြန်လည်ထုတ်ယူချင်ပါတယ်။ တချို့လည်း ဒီလိုစုနေတဲ့ငွေတွေဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါမှာ အတိုးရချင်ပါတယ်။ ရရှိတဲ့အတိုးငွေကိုလည်း ပြန်လည်ထုတ်ယူလိုကြောင်း သိရှိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မေးမြန်းတဲ့အခါမှာ အတိုးငွေပေးတဲ့အကြောင်း စုငွေတွေကိုလည်း ထုတ်လို့ရတယ်ဆိုတဲ့ အကြောင်းသိရပါတယ်။ သို့သော် ဒီလိုသိတဲ့လူက မြို့ဝန်းကျင်မှာရှိတဲ့ လယ်သမားအချို့သာဖြစ်ပြီးတော့ အမှန်တကယ်ကျေးလက်မှာလုပ်နေတဲ့ လယ်သမားများ ဂဃနဏ သိရှိခြင်းမရှိရကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့မေးလိုတဲ့ မေးခွန်းကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးဘဏ်ကနေ တောင်သူ လယ်သမားချေးငွေအဖြစ် လယ်တစ်ဧကမှ ၁၀ ဧကအထိ တစ်ဧကလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး ချေးငွေ၏ ၆ ရာခိုင်နှုန်းအား စုဆောင်းငွေအဖြစ် စုဆောင်းရသည့်အတွက် လယ်တစ်ဧကပိုင်ဆိုင်သူသည် ၂၄၀၀ ကျပ် စုဆောင်းခဲ့ကြရပါတယ်။ အဆိုပါ စုဆောင်းငွေနဲ့ ပတ်သက်၍ တောင်သူလယ်သမားများမှ အောက်ပါမေးခွန်းများ သိရှိလိုကြသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားပေးနိုင်ပါရန် တင်ပြအပ်ပါသည်-
(က) လယ်လုပ်ငန်းလုပ်ကိုင်စဉ် ငွေကြေးလိုအပ်ချိန်၌ ပြန်လည်ထုတ်ယူခွင့် ရရှိလိုကြသဖြင့် ခွင့်ပြုပေးရန်အစီအစဉ် ရှိ၊ မရှိ
(ခ ) ၎င်းစုဆောင်းငွေပေါ်တွင် အတိုးငွေသတ်မှတ်ပေးထားခြင်း ရှိ၊ မရှိ
(ဂ ) ၎င်းအတိုးငွေများကိုလည်း ငွေကြေးလိုအပ်ချိန်တွင် ပြန်လည်ထုတ်ယူခွင့်ရရှိလိုကြ သဖြင့် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မြေးမြန်းထားပါသည် ။