(ဇ) ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီးစီးမှုနှင့် အသုံးပြုနိုင်မှုအြခေအနေကို ပြန်လည်စိစစ်တိုင်းတာရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဖြစ်ပါတယ်။ ကျွန်တော် တင်ပြမယ့် မေးခွန်းကတော့ ချင်းပြည်နယ် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ပြီးစီးမှုနှင့် အသုံးပြုနိုင်မှုအခြေအနေ မေးခွန်းဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် မှာ ချင်းပြည်နယ် ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအဆိုကို ကျွန်တော် တင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုမှာပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့မှ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ ချင်းပြည်နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်အောင် စီမံပံ့ပိုးပေးရန် တင်ပြချက် အပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ ပါတယ်။ ဖြေကြားချက်တွင် ချင်းပြည်နယ်အတွင်း ကုန်းမြင့်လယ်ယာစုစုပေါင်းဧက ၇၀၀၀ ကျော် ဖော်ထုတ်ပြီးကြောင်း ဆက်လက်စီမံဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ချင်းပြည်နယ် စည်းရုံးရေးတာဝန်ခံတစ်ဦးဖြစ်သောကြောင့် လွှတ်တော်နားချိန်များမှာ တစ်လ တစ်ကြိမ်၊ နှစ်လတစ်ကြိမ် ချင်းပြည်နယ်မြို့ရွာအနှံ့ကို သွားလာပြီးမှ ဒေသဖွံ့ဖြိုးရေးနှင့် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့သူ ဖြစ်ပါတယ်။ ချင်းပြည်နယ်သို့သွားတဲ့ ခရီးစဉ်တိုင်းမှာ ကုန်းမြင့် လယ်ယာဖော်ထုတ်မှုအခြေအနေကို လက်လှမ်းမီသမျှလေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုများအရ တွေ့ရှိချက်များကတော့ ကုန်းမြင့်လယ်ယာဖော်ထုတ်ခြင်းကို နိုင်ငံတော်စီမံကိန်းအဖြစ်နဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်မှစတင် ဖော်ဆောင်ပေးခဲ့ကြောင်း အဲဒီလိုဆောင်ရွက်ရာမှာ ဌာနမှစက်ယန္တရားများ အသုံးပြုပြီးတော့မှ ဖော်ထုတ်တဲ့ဧကဟာ ၂၇၀၇ ဧကဖြစ်ကြောင်း၊ တစ်ခါ တစ်ဖက်ကလည်း တောင်သူများအနေနဲ့ ပုဂ္ဂလိကအစီအစဉ်ဖြင့် ဖော်ထုတ်တာ ၄၃၆၆ ဧကဖြစ်ကြောင်း လက်လှမ်း မီသမျှစာရင်းရရှိခဲ့ပါတယ်။ စုစုပေါင်းအားဖြင့်တော့ ဧက ၇၀၇၃ ဧက ဖြစ်ကြောင်းသိရှိရပါတယ်။ ဒေသခံတောင်သူတွေဖော်ထုတ်မှုအပေါ်မှာ တစ်ဧကကို ကျပ် ၁၂၀၀၀ နှုန်းနဲ့ ဝန်ကြီးဌာနကနေပြီးမှ ပေးချေပါတယ်။ ၂၀၀၂ ခုနှစ် ကနေပြီးမှ ၂၀၀၇ ခုနှစ်ထိ ငွေပေးချေခဲ့ကြောင်းလည်း လေ့လာ သိရှိရပါတယ်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ဖြင့် ခေတ္တပေးချေမှုဆိုင်းငံ့ထားကြောင်းလည်း သိရှိရပါတယ်။ အဲဒီ ဖော်ထုတ်ပြီးခဲ့တဲ့ ကုန်းမြင့်လယ်ယာမြေတွေကို ပြန်လည်လေ့လာစိစစ်တဲ့ အခါမှာဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာ ဧက ၇၀၀၀ ကျော်အနက် အမှန်စိုက်ပျိုးနိုင်သော မြေဧကမှာ ၃၂၀၀ ခန့်သာရှိတာကို တွေ့ရပါတယ်။ လုံးဝမစိုက်ပျိုးနိုင်တဲ့ ပလပ်မြေဧကကတော့ ၃၀၀၀ ကျော်ရှိ ကြောင်းလည်း သိရှိရပါတယ်။ အဲဒီလို ပလပ်မြေဖြစ်ပေါ်ရခြင်းအကြောင်းမှာ အချို့နေရာများတွင် အမှန်မဖော်ထုတ်ဘဲနဲ့ စာရင်းပြထားခြင်း၊ အချို့ကို ဝတ္တရားကျေဖော်ထုတ်ထားခြင်း ဥပမာ- စိုက်ပျိုးရေမရရှိတဲ့နေရာများမှာ ဖော်ထုတ်ထားခြင်း နောက်ရေရနိုင်တဲ့ နေရာအချို့မှာလည်း ရေသွယ်မြောင်း ဆွဲချတူးဖော်မှုမရှိလို့ ဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများအနေနဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပန်းသီး စိုက်ပျိုးရေးစီမံကိန်းများ၊ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းများ၊ ပိုးဇာစိုက်ပျိုးရေးစီမံကိန်းများ၊ ကြက်ဆူ စိုက်ပျိုးရေးစီမံကိန်းများ၊ လက်ဖက်စိုက်ပျိုးရေးစီမံကိန်းများ ချမှတ်ပေးပြီးတော့မှ စိုက်ပျိုးစရိတ်များ ကိုလည်းပဲ တတ်အားသလောက် မတည်ထုတ်ပေးခဲ့သော်လည်းပဲ အောင်မြင်မှုမရခဲ့ကြောင်း တွေ့ရှိရပါတယ်။ ကြက်ဆူစီမံကိန်းဆိုလို့ရှိရင် ပေ ၅၀၀၀၊ ၆၀၀၀ ကျော်မြင့်တဲ့ ချင်းပြည်နယ်ရဲ့ ရေမြေသဘာဝ ရာသီဥတုနှင့် လုံးဝမကိုက်ညီတာကြောင့်မို့လို့ မအောင်မြင်ခဲ့ပါဘူး။ အချိန်၊ လုပ်အား၊ ငွေ ဆုံးရှုံးမှုများကြီးမားခဲ့ပါတယ်။ ယခု ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်းကို မြို့နယ် အုပ်ချုပ်ရေးမှူး နောက် စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်တဲ့ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးရန် တာဝန်ပေးအပ်ပါက ဧက ၇၀၀၀ ကျော် အားလုံး စိုက်ပျိုးနိုင်ပါတယ်။ အားလုံးကောင်းပါသည်ဟုသာ ပြန်လည်တင်ပြကြမှာဖြစ်ပါတယ်။ အဲဒီလို ဆိုလို့ရှိရင် ပြီးခဲ့တဲ့စီမံကိန်းများနည်းတူ အချိန်ကုန်ငွေကုန်ပြီးတော့မှ အဖျားရှူးသွားတာမျိုး ဆက်လက် ကြုံတွေ့နေရပြီးတော့မှ ချင်းပြည်နယ်ဟာလည်းပဲ ဆင်းရဲနွမ်းပါးမှုနွံအတွင်းကနေပြီး ရုန်းထွက်နိုင်မှာမဟုတ်ကြောင်း တင်ပြလိုပါတယ်။ အမှန်စိုက်ပျိုးနိုင်တဲ့ ကုန်းမြင့်လယ်ယာဧက စာရင်းကို ဖော်ထုတ်ပေးဖို့နဲ့ စိုက်ဧက ကိန်းဂဏန်းအမှားများကို ဆက်လက်သယ်ဆောင်သွားခြင်း မပြုဖို့ ချင်းပြည်နယ်လူထုက လိုလားလျက်ရှိကြပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးနေသော်လည်း ပေးကာပေး၏မရ အဖြစ်မျိုး ဘက်ပေါင်းစုံ ကြုံတွေ့နေရသောကြောင့် ပကတိအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကုန်းမြင့်လယ်ယာဧကများကို ပြန်လည်စိစစ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းထားပါသည် ။