(က) နိုင်ငံခြားခရီးသည်များ လွတ်လပ်စွာ ခရီးသွားလာခွင့်နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်း ဖြစ်ပါတယ်။ ကျွန်တော် မေးမြန်းလိုတဲ့မေးခွန်းကတော့ ယနေ့အထိ ချင်းပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသည်များသွားလာခွင့်မရရှိသေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ပြီး ၁၄-၃-၂၀၁၁ ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးမှ ၂၀၀၂ ခုနှစ် နောက်ပိုင်း ချင်းပြည်နယ်အတွင်း ခရီးသွားကန့်သတ်ချက်မရှိတော့ပဲ သွားလာနိုင်ပြီဖြစ်ကြောင်း သွားလာရေးအတွက် အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါ တယ်။ နိုင်ငံခြားသက်ဆိုင်ရာ မြန်မာသံရုံးများမှလည်း မည်သည့်ခွင့်ပြုချက်မှမလိုဘဲ ချင်းပြည်နယ်သို့ လွတ်လပ်စွာသွားလာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ် ကြောင်း ခရီးသည်များထံမှ သိရှိရပါတယ်။ သို့ရာတွင် မကြာသေးခင်က အမေရိကန်တွင် နေထိုင်သူ အမေရိကန်နိုင်ငံသား Citizen ရရှိသူ ချင်းလူမျိုး ဦးအေးမောင်ဆိုသူသည် ဟားခါးမြို့ရှိ အသက် ၈၀ ကျော် မိခင်အားတွေ့ဆုံကန်တော့ရန် ၁၆-၁၂-၂၀၁၁ နေ့တွင် ရန်ကုန်သို့ Social Visa ဖြင့် ရောက်ရှိလာပြီး ဟားခါးသို့ ၂၂-၁၂-၂၀၁၁ ရက်နေ့တွင်ရောက်ရှိပါတယ်။ ယင်းသို့ရောက်ရှိခြင်းကို မြို့နယ်လဝကမှ သိရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဌာန ထောက်ခံချက်မရှိသဖြင့် ဟားခါးတွင်နေ၍မရကြောင်း ချက်ချင်းပြန်သွားရန်ပြောသဖြင့် ဦးအေးမောင်သည် ၂၃-၁၂-၂၀၁၁ ရက်နေ့တွင် ရန်ကုန်သို့ ပြန်သွားခဲ့ပါတယ်။ ယင်းကိစ္စအား ဦးအေးမောင် ရန်ကုန်မြို့မှဟားခါးရှိ ကျွန်တော်ထံတယ်လီဖုန်းဆက် ပြောကြားခဲ့ရာ ၂၉-၁၂-၂၀၁၁ ရက်နေ့တွင် ကျွန်တော်မှ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးရုံးသို့ တယ်လီဖုန်းဆက်မေးမြန်းအကြောင်းကြားပေးခဲ့ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအဖွဲ့မှူးမှ မိမိတို့ဝန်ကြီးရုံးအနေဖြင့် မည်သည့် ကန့်သတ်ချက်မျှမရှိကြောင်း ကောင်းမွန်စွာပြောကြားပေးပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်)သို့ဆောင်ရွက်ပေးရန် တယ်လီဖုန်းဆက် အကြောင်းကြားပေးသဖြင့် ဦးအေးမောင်အား ဟားခါးသို့ ခရီးသွားခွင့်ပြုမိန့်ထုတ်ပေးခဲ့ရာ ဦးအေးမောင်သည် ဟားခါးသို့ ပြန်သွားခဲ့ပါတယ်။ ခရီးသွားခွင့်ပြုစာတွင်လည်း လုံခြုံရေးကိစ္စများကို သက်ဆိုင်ရာဌာနများသို့ မိတ္တူများပေးပို့ထားသည်ကိုလည်းသိရှိရပါတယ်။ ဦးအေးမောင် ဟားခါးသို့ ပြန်လည်ရောက်ရှိလာပြီး ၎င်း၏အမေအား ကန်တော့ဆုတောင်းပွဲပြုလုပ်ပေးပြီး နောက်တစ်ရက် ၈-၁-၂၀၁၂ ရက်နေ့ တနင်္ဂနွေနေ့ညနေပိုင်းတွင် မြို့နယ်လဝကမှူးနှင့်တကွ ရဲများရောက်ရှိလာပြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ဦးအေးမောင်အားခေါ်ကာ ယခုချက်ချင်း ဟားခါးမှထွက်သွားရန် ကားမရှိပါကလည်း ခြေလျင်ဖြင့်သွားရန် ရာဇသံပေးပြောကြားမောင်းထုတ်ခဲ့ပါတယ်။ ယင်းသို့ မောင်းထုတ်သဖြင့် ဦးအေးမောင်မှာကြောက်ရွံ့ပြီး ကားငှားရမ်းပြန်သွားခဲ့ပါတယ်။ အမေရိကန်မှ သီးခြား Social Visa ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးခွင့်ပြုမိန့်ဖြင့်ရောက်ရှိလာသော ဦးမောင်တင် နှင့် ဇနီးမှာလည်းကြောက်ရွံ့သဖြင့် ဦးအေးမောင်နှင်‌့အတူပြန်သွားကြပါတယ်။ ဦးအေးမောင်တို့ ကားပေါ်တက်ချိန် နှစ်ပေါင်းကြာမြင့်စွာခွဲခွာခဲ့ရတဲ့မိခင်နှင့်တကွ ဆွေမျိုးမိတ်သင်္ဂဟအားလုံးငိုယိုပြီး နှုတ်ဆက်ကျန်ခဲ့ကြပါတယ်။ ယင်းကိစ္စအား ဦးအေးမောင်မှ ကျွန်တော်ထံ တယ်လီဖုန်းဆက် ပြောကြားရာ တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဖြစ်တဲ့အပြင် ညနေပိုင်းဖြစ်သဖြင့် ကျွန်တော်လည်း ဘာမှ မလုပ်ပေးနိုင်ခဲ့ပါ။ နောက်ရက် ၉-၁-၂၀၁၂ နေ့တွင် ယင်းကိစ္စအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးရုံး၊ နေပြည်တော်သို့ ဖုန်းဆက်မေးမြန်းအကြောင်းကြားခဲ့ပါတယ်။ ဝန်ကြီးရုံး ရုံးအဖွဲ့မှူးမှ မိမိတို့ဌာနအနေနဲ့ ချင်းပြည်နယ်အတွက် မည်သည်‌့သီးခြား ကန့်သတ်ချက်မျှမရှိ ပါကြောင်း ကောင်းမွန်စွာဖြေကြားပေးခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်း နိုင်ငံခြားခရီးသည်များ လွတ်လပ်စွာသွားလာခွင့်မရရှိခဲ့သဖြင့် လူထုအော်သံ၊ လူထုဆန္ဒအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်ပြခဲ့ရာ ယခုအချိန် မည်သည့်ကန့်သတ်ချက်မှမရှိကြောင်း အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးမှ ‌ြဖေကြားပေးခဲ့ပြီးဖြစ်ပါတယ်။ ဝန်ကြီး၏ ဖြေကြားချက်အပေါ် ချင်းပြည်နယ်လူထုမှလည်း ကြိုဆိုဝမ်းသာကြပါတယ်။ သို့ရာတွင် လက်တွေ့ ယခုအခြေအနေတွင် အဆင်ပြေမှုမရှိဘဲ ယခု ဦးအေးမောင်ကိစ္စကဲ့သို့ပြဿနာများ အလားတူ ထပ်မံကြုံနေကြရသည်မှာ များနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာပြည်သည် ဒီမိုကရေစီ ရရှိပြီးဖြစ်သော်လည်း ချင်းပြည်နယ်တွင် ဒီမိုကရေစီမသက်ရောက်သေးသကဲ့သို့ ဖြစ်နေပါတယ်။ ချင်းပြည်နယ်သည် အငြိမ်းချမ်းဆုံးပြည်နယ်ဖြစ်ပါတယ်။ အမျိုးသမီးများပင်လျှင် တစ်ဦးတည်း ခြေလျင်ဖြင့် တစ်ရက်၊ နှစ်ရက်ကြာခရီးသွားလာနေကြပါတယ်။ ဘာပြဿနာမှမရှိပါ။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်္ဂါရပ်နှင့်ပြည့်စုံ၍ နိုင်ငံခြားဝင်ငွေရရှိစေရန် နိုင်ငံတကာခရီးသွားများအား ဖိတ်ခေါ်ချိန် ငြိမ်းချမ်းလုံခြုံမှုရှိတဲ့ ပြည်နယ်တစ်ခုတွင် ယခုကဲ့သို့မလိုလားအပ်သည့် ကန့်သတ်ချက်ဘောင်များ ထားရှိနေသေးသည်မှာ အဟန့်အတားသဖွယ်ဖြစ်နေပါတယ်။ အကယ်၍ လက်ရှိအခြေအနေနဲ့ လျော်ညီခြင်းမရှိတော့သည့် ကန့်သတ်ချက်၊ အမိန့်၊ ညွှန်ကြားချက်များရှိပါကလည်း အမြန်ဆုံး ရုပ်သိမ်းပယ်ဖျက်သင့်ပါတယ်။ သို့ဖြစ်ပါ၍ အများပြည်သူသိရှိနားလည်နိုင်ရန်အလို့ငှာ (၁) နိုင်ငံခြား ခရီးသည်များ ချင်းပြည်နယ်သွားရန်အတွက် ကန့်သတ်ချက်များရှိနေသေးပါသလား။ (၂) ကန့်သတ်ချက် အမိန့်များရှိပါက မည်သည့်ဌာနက မည်သည့်ခုနှစ်၊ နေ့ကထုတ်ထားပါသလဲ။မည်သည့်အကြောင်း ပြချက်ပါလဲ။ (၃) အကယ်၍ထောက်ခံချက်လိုပါက မည်သည့်ဌာန ထောက်ခံချက်လိုပါသလဲ။ ယင်းထောက်ခံချက်ကို ဘယ်နှစ်ရက်အတွင်းရရှိနိုင်ပါသလဲ။ မေးမြန်းထားပါသည် ။