(က)-ထီးလင်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ချင်း-ဗမာချစ်ကြည်ရေးညီလာခံ အထိမ်းအမှတ်ကျောက်တိုင် နှင့် အထိမ်းအမှတ်နေ့အား ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၂-၂-၁၉၄၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘိလပ်တွင် အောင်ဆန်းအီတလီစာချုပ် ချုပ်ဆိုပြီး မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပါကြောင်း၊ ထို့နောက် ပြည်မတောင်တန်းမခွဲခြာဘဲ ပြည်ထောင်စုကြီး တစ်ခုလုံး လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေးရရှိအောင် ညီလာခံများကျင်းပ ရန် စီစဉ်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ တိုင်းရင်းသားများအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့နှင့် အနောက်ခြမ်းရှိ တိုင်းရင်းသားများအတွက် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် ညီလာခံများကျင်းပရန် ရွေးချယ်ခဲ့ကြပါကြောင်း၊ ပထမညီလာခံကို ၉-၂-၁၉၄၇ ရက်နေ့မှ ၁၂-၂-၁၉၄၇ ရက် နေ့အထိ ပင်လုံမြို့တွင် ကျင်းပရန်နှင့် ဒုတိယညီလာခံကို ၄-၃-၁၉၄၇ ရက်နေ့မှ ၆ -၃-၁၉၄၇ ရက်နေ့ အထိ ထီးလင်း မြို့တွင်ကျင်းပရန် သတ်မှတ်ခဲ့ကြပါကြောင်း၊ စီစဉ်ထားသည့်အတိုင် ပထမညီလာခံကို ပင်လုံမြို့ တွင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တက်ရောက်ပြီး နယ်ပယ်ဒေသစုံမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အလားတူ ထီးလင်းမြို့တွင် သုံးရက်တိုင်တိုင် ချင်း-ဗမာချစ်ကြည်ရေးညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်း၊ ထီးလင်းမြို့နယ်တွင်ကျင်းပခဲ့သည့် ညီလာခံတွင် ဖဆပလ အဖွဲ့ချုပ်ကြီးမှ ဒီးဒုတ်ဦးဘချို၊ သခင်လှိုင်ဦးဆောင်သည့်အဖွဲ့ နှင့် ချင်းတိုင်းရင်းသားခေါင်းဆောင်များ ဖြစ်သည့် ဦးဝမ္မသူးမောင်၊ ဦးဧဟူးနှင့် အခြားခေါင်းဆောင်များတက်ရောက် ကြပြီး ဒေသခံများအနေဖြင့် ဦးထွန်းငြိမ်း၊ ဦးဖိုးအောင်တို့တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းညီလာခံကြီးတွင် ချင်း-ဗမာချစ်ကြည်ရေး ကို တည်ဆောက်နိုင်ခဲ့ပြီး ၎င်းချစ်ကြည်ရေး အဓွန့်ရှည် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ကျောချင်းကပ် ရင်ချင်းအပ်ကာလက်တွဲပြီး တိုက်ပွဲဝင်ကြရန်လည်း ကတိသစ္စာပြုခဲ့ကြသည်ကို လည်းမှတ်သား ရပါကြောင်း၊ ကတိသစ္စာပြုသည့်အမှတ်အသားအနေဖြင့် ကတ္ထူစက္ကူနှင့်ပြုလုပ်သည့် ကျောက်တိုင် တစ်ခုကို လည်း စိုက်ထူခဲ့ပြီး နောင်တွင် ခိုင်ခံ့သည့်ကျောက်တိုင်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ သို့သော် ယနေ့အချိန်တွင် ခိုင်ခံ့သည့်ကျောက်တိုင်ဖြစ်ပေါ်မလာဘဲ သမိုင်းမှတ်တမ်း များပင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ၁၉၄၇ ခုနှစ်မှ ယနေ့အချိန်အထိ အစိုးရ အဆက်ဆက်ပြောင်းလဲခဲ့သော်လည်း ညီလာခံကြီးက ဆုံးဖြတ်ခဲ့သည့် ကျောက်တိုင်မှ ယနေ့အချိန်အထိ ဖြစ်ပေါ်မလာခဲ့ပါကြောင်း၊ ပြည်ထောင်စုအခမ်းအနားများကို ပင်လုံမြို့တွင် အထိမ်းအမှတ်ကျောက်တိုင်များနှင့် အခမ်းအနားခဲ့သော်လည်း မိမိတို့ထီးလင်းမြို့တွင် သမိုင်းကြောင်းတောင် ပျောက်ကွယ်တော့မည့် အခြေအနေ ဖြစ်ပါကြောင်း၊ သမိုင်းအမွေအနှစ်များ၊ သမိုင်းကြောင်းများကို ပြန်လည်ဖော်ထုတ်ရန် တာဝန်ရှိသည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ချင်း-ဗမာချစ်ကြည်ရေးညီလာခံ အထိမ်းအမှတ်ကျောက်တိုင်နှင့် အထိမ်းအမှတ်နေ့အား ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။