(စ)-မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာတွင် သီးခြားကျေးလက်ကျန်းမာရေးဌာန (RHC) အသစ်တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့် နှင့် မတ်လန်းတို့တွင် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

 

မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံကျေးရွာတွင် သီးခြားကျေးလက်ကျန်းမာရေးဌာန(RHC)အသစ်တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့်နှင့် မတ်လန်းတို့တွင် တိုးချဲ့ ဖွဲ့စည်းပေးရန်နှင့် လုတ်ကန်း၊ စုံလောတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(S/C)အသစ်တိုးချဲ့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စုနှင့် ကျေးရွာပေါင်း ၃၄၈ ရွာ၊ အိမ်ထောင်စုပေါင်း ၁၄၁၁၁ စု၊ လူဦးရေစုစုပေါင်း ၇၇၂၉၉ ဦးဖြင့် ဖွဲ့စည်း ထားပြီး ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနသုံးခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၁၀ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ မိုင်းကိုင်မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ ၁၄၅၉.၁၇ စတုရန်းမိုင်ကျယ်ဝန်းပြီး ကျေးလက်ကျန်းမာရေးဌာနသုံးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ခုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော်လည်း နယ်မြေ ဧရိယာ ကျယ်ဝန်းလွန်းခြင်း၊ ကျေးရွာတစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျေးလက်ကျန်းမာရေးဌာန တည်ရှိသောနေရာနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အကြား အလှမ်းကွာဝေးခြင်းတို့ကြောင့် အုပ်ချုပ်မှုနှင့်ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ အားနည်းလျက် ရှိပါကြောင်း၊ မိုင်းကိုင်မြို့နယ်၏ အရှေ့ဘက်မိုင် ၃၀ ခန့်ဝေးကွာသော ဝမ်ဟွေလုံ ကျေးရွာအုပ်စုမှ ကျေးရွာ ၁၉ ရွာ၊ လူဦးရေ ၁၇၂၉ ဦးရှိပြီး ဖားမငိုက်ပင်မကျေးရွာ ကျန်းမာရေးဌာနနှင့် အလှမ်းကွာဝေးခြင်း၊ မိုးရာသီကာလလမ်းပန်း ဆက်သွယ်ရေးအလွန်ခက်ခဲခြင်း၊ ကျေးရွာတစ်ရွာနှင့် တစ်ရွာအလှမ်းကွာဝေးခြင်း၊ ဝမ်ဟွေလုံကျေးရွာအုပ်စု ဝမ်ဟွေလုံကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန (RHC) တစ်ခု သီးခြားထပ်မံတိုးချဲ့ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဝမ်ဟွေလုံကျေးလက် ကျန်းမာရေးဌာနအသစ်တစ်ခု သီးခြားတိုးချဲ့ပေးမည်ဆိုပါက ဝမ်လုံ၊ ယန်းလွိုင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဝမ်လျန့်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ မတ်လန်းကျေးလက် ကျန်းမာရေးဌာနခွဲတို့ကိုလည်း တစ်ပါတည်းထပ်မံတိုးချဲ့ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ လွိုင်ခုန်ကျေးရွာအုပ်စု လွိုင်ခုန်၊ လုတ်ကန်း၊ နမ့်မော်၊ နမ့်ခဲကဲ့သို့သော ကျေးရွာများသည် စုံလောပင်မ ကျေးလက်ကျန်းမာရေး ဌာနနှင့် ၅၈ မိုင်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ၆၀ မိုင်၊ လက်ရှိ ဆန်ဟကျေးလက် ကျန်းမာရေးဌာနခွဲနှင့်လည်း ၂၁ မိုင် ကွာဝေးလျက် ရှိသည့်အတွက် လုတ်ကန်းကျေးလက် ကျန်းမာရေးဌာနခွဲအသစ် တစ်ခုထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးပါရန် လိုအပ်လျက်ရှိပါကြောင်း၊ စုံလောကျေးရွာအုပ်စု  စုံလော၊ ပန်ခမ်း၊ နမ့်ပန်ရမ်းကဲ့သို့ သောရွာများသည် ပန်ကေတုပင်မ ကျေးလက်ကျန်းမာရေးဌာနနှင့် ၃၃ မိုင်၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ၁၅ မိုင်၊ ဟွေဟုံအိမ့်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၁၈ မိုင်၊ ဝမ်ဟွေးကျေးလက်ကျန်းမာရေးဌာနခွဲ နှင့် ၉ မိုင် ကွာဝေးလျက် ရှိပါသဖြင့် စုံလောကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်တစ်ခု ထပ်မံတိုးချဲ့ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျေးလက်ဒေသ ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်နိုင်ရန် အမှန်တကယ် လိုအပ်လျက်ရှိသည့် ဝမ်ဟွေလုံကျေးရွာအုပ်စု ဝမ်ဟွေလုံကျေးရွာတွင် သီးခြားကျေးလက်ကျန်းမာရေးဌာန (RHC) အသစ်တစ်ခုနှင့် ဌာနခွဲများဖြင့် ဝမ်လုံ၊ ယန်းလွိုင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဝမ်လျန့်ကျေးလက် ကျန်းမာ‌ရေးဌာနခွဲနှင့် မတ်လန်းကျေးလက်ကျန်းမာရေး ဌာနခွဲတို့ကို တိုးချဲ့ဖွဲ့စည်းပေးရန်၊ လုတ်ကန်းကျေးလက် ကျန်းမာရေးဌာနခွဲ အသစ်တစ်ခု ထပ်မံတိုးချဲ့ပေးရန်၊ စုံလောကျေးလက် ကျန်းမာရေးဌာနခွဲအသစ် တစ်ခုထပ်မံတိုးချဲ့ပေးရန်တို့ကို သက်ဆိုင်ရာကျန်းမာရေးဌာနမှ အဆင့်ဆင့် တင်ပြခဲ့သော်လည်း ယနေ့တိုင်ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် တောင်းဆိုလျက်ရှိရာ မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို ရှင်းလင်းဖြေကြား စေလိုပါကြောင်း မေးမြန်းပါသည်။