(ဂ) ဘွဲ့ရလူငယ်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံတော်နှင့် တိုင်းရင်းသားမိဘပြည်သူ နိုင်ငံသား များ၏အကျိုးကို အစဉ်ထာဝရ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပညာရေးဆိုင်ရာမေးခွန်းကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်၏မေးမြန်းချက်အား ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာဘာသာရပ် သင်ကြားရာ၌ သူငယ်တန်းမှ တက္ကသိုလ်အထိ အတန်းတိုင်း ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခဲ့သော်လည်း ဘွဲ့ရ လူငယ်အများစု၏ အင်္ဂလိပ်စာတတ်မြောက်မှုအရည်အသွေး သင့်တင့်ရုံအဆင့်သို့ပင် ရောက်ရှိခြင်း မရှိကြောင်းကို တွေ့ရှိရပါတယ်။ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ရန် အတွက် ပုဂ္ဂလိကသင်တန်းများ တက်ရောက်သင်ကြားမှသာလျှင် တတ်မြောက်နေသည်ကိုလည်း တွေ့ရပါတယ်။ ထိုသို့ဖြစ်နေခြင်းမှာ သင်ရိုးညွှန်းတမ်း၏ အားနည်းချက်၊ ဆရာ/ဆရာမများ၏ အားနည်းချက်၊ ကျောင်းသားကျောင်းသူများ၏ လေ့လာအားထုတ်မှုအားနည်းချက်များအား စနစ်တကျလေ့လာနိုင်ရန် အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သွားရန်နှင့် မည်ကဲ့သို့ပြုပြင်ပြောင်းလဲမှုအစီအမံများ ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည် ။