(င)မီတာခနှုန်းနှင်‌့ လောင်စာဆီနှုန်းများမြှင့်တင်မှုကိုဝင်ငွေနည်းပါးသော အခြေခံလူတန်းစားများအတွက် ပြန်လည်ပြင်ဆင်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ကြွရောက်လာကြသော ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မီတာခနှုန်းထားများ၊ လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ခြင်းကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းကို ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်အစည်းအဝေးများ စတင်မကျင်းပခင် ဒီဇင်ဘာလကုန်က ပေးပို့ထားတာဖြစ်တဲ့အတွက် ယခုနှုန်းထားများနဲ့ အနည်းငယ်ကွာခြားမှုရှိကြောင်း ဦးစွာ အစီရင်ခံတင်ပြလိုပါတယ်။ ယနေ့ ကျွန်တော်တို့ ပြည်သူများ နေ့စဉ်သုံးစွဲနေတဲ့ မီတာခ နှုန်းထားများကို ယခင်က တစ်ယူနစ်လျှင် ၂၅ ကျပ်ကနေပြီးတော့ ယခုတစ်ယူနစ်လျှင် ၃၅ ကျပ်အထိ တိုးမြှင့်လိုက်ပါတယ်။ ဒီပုဂ္ဂလိကဆီဆိုင်များက ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများကိုလည်း နိုင်ငံတော်၏ ခွင့်ပြုချက်နဲ့တိုးမြှင့်လိုက်ပါတယ်။ ယခင်က ဓာတ်ဆီတစ်ဂါလန်ကို ၂၅၀၀ ကနေပြီး တော့ ၃၃၅၀ ကျပ်အထိလည်းကောင်း၊ ဒီဇယ်ဆီတစ်ဂါလန်ကို ၃၉၀၀ ကျပ်အထိလည်းကောင်း တိုးမြှင့်ခဲ့ပါတယ်။ မူလမီတာခနဲ့ လောင်စာဆီ‌ဈေးနှုန်းများဟာ နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင်နည်းပါးပြီး နိုင်ငံတော်ကအရှုံးခံပြီးတော့ ဖြန့်ဖြူးပေးခဲ့တာလည်း အမှန်ပင်ဖြစ်ပါတယ်။ သို့ရာတွင် နိုင်ငံတကာရှိ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ၏ ဝင်ငွေမှာ များစွာနိမ့်ကျလျက်ရှိတာကလည်း အထင်အရှားဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ မေးခွန်းမေးလိုတာကတော့ ဒီလိုမီတာခနှုန်းထားများ၊ လောင်စာဆီဈေးနှုန်းများမြှင့်တင်မှုသည် ဝင်ငွေနည်းပါးသော အခြေခံပြည်သူလူထုအတွက် ထိခိုက်မှုရှိပါ၍ နိုင်ငံတော်အနေနှင့် အဘက်ဘက်က စဉ်းစားသုံးသပ်ပြီး ပြန်လည်စဉ်းစားပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းထားပါသည် ။