(စ) ပုလဲမြို့နယ်၊ မဟူတောင်ဒေသဓာတ်ငွေ့သိုက်မှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ယူရီးယား ဓာတ်ငွေ့စက်ရုံတည်ဆောက်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဟန် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နှင့်တောင်သူလယ်သမားများအကျိုးကို ရှေးရှုပြီးတော့ ဤလွှတ်တော်သို့ မေးခွန်းလွှာတစ်ခုကို မေးမြန်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့မေးခွန်းကို ဖတ်ကြားတင်ပြခွင့်ပြုပါခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကြီး ကျင်းပနေတဲ့ ကာလမှာပဲ ၁၄-၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပုလဲမြို့နယ်ရှိ သင်ဂဒုံးအစမ်းတွင်းအမှတ်(၁)မှ သဘာဝဓာတ်ငွေ့များ တစ်နေ့လျှင် ကုဗပေ ၂.၁ သန်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိတဲ့သတင်းကို ဝမ်းြမောက်ဖွယ်မင်္ဂလာသတင်းအဖြစ်နဲ့ ဖော်ပြပါရှိခဲ့ပါတယ်။ ယင်းအစမ်းတွင်းအပါအဝင် မဟူတောင်ဒေသလုပ်ကွက်များရှိ သဘာဝဓာတ်ငွေ့ သိုက်မှ သဘာဝဓာတ်ငွေ့များကို အစမ်းတွင်းများ ဆက်လက်တူးဖော်ပြီးဖြစ်ကြောင်း၊ စနစ်တကျ ထုတ်ယူဖြန့်ဖြူးရေး အစီအစဉ်များ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အားတက်ဖွယ်ဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုလိုသဘာဝဓာတ်ငွေ့သိုက်များမှ ထုတ်ယူ ရရှိတဲ့ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ရောင်းချခြင်းမပြုတော့ဘဲ အခြေခံကုန်ကြမ်းအဖြစ် အသုံးပြုပြီး စက်ရုံများတည်ဆောက်ခြင်း၊ ပြည်တွင်းမှာပင် စွမ်းအင်အဖြစ် အသုံးပြုခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ရှင်းလင်းတင်ပြသွားခဲ့တာကိုလည်း သိရှိရပါတယ်။ သဘာဝဓာတ်ငွေ့ ကို အခြေခံကုန်ကြမ်းအဖြစ်အသုံးပြုပြီး သဘာဝကုန်ကြမ်းလေနဲ့ရေကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများအတွက် အထူးအကျိုးရှိနိုင်တဲ့ ယူရီးယားဓာတ်ြမေသြဇာများ ထုတ်လုပ် ရယူနိုင်တဲ့ စက်ရုံကြီးများ တည်ဆောက်နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ သို့အတွက် မုံရွာခရိုင်၊ ပုလဲမြို့နယ်မှထွက်ရှိသော သဘာဝဓာတ်ငွေ့သိုက်တည်ရှိရာ ဒေသနှင့်ရေသယံဇာတအရင်းအမြစ်များ ပေါများစွာရရှိနိုင်ပြီးတော့ အနီးဆုံးဒေသလည်းဖြစ်တဲ့ မုံရွာခရိုင် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်များရဲ့ ချင်းတွင်းမြစ် ကမ်းဘေး တစ်နေရာမှာ ယူရီးယားဓာတ်ြမေသြဇာ စက်ရုံကြီးတစ်ရုံ တည်ဆောက်ပေးနိုင်မယ်ဆိုပါက အထက်မြန်မာပြည် စပါးကျီကြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်စတဲ့ ပြည်နယ်များကို သီးနှံထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ယူရီးယားဓာတ်မြေသြဇာများ အလွယ်တကူ သယ်ယူဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်မြေသြဇာအတွက် နိုင်ငံခြားငွေ ယိုစီးမှုကိုလည်း လျှော့ချနိုင်မယ့်အပြင် မုံရွာခရိုင် ချင်းတွင်းမြစ်အနောက်ဘက် ကမ်းဒေသမှာ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဒေသခံများလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမှာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်ကတော့ မုံရွာခရိုင် ပုလဲမြို့နယ် မဟူတောင် ဒေသ ဓာတ်ငွေ့သိုက်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ မုံရွာခရိုင်၊ ချင်းတွင်း မြစ်အနောက်ဘက်ခြမ်းရှိ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီမြို့နယ်မြစ်ကမ်းဘေး တစ်နေရာမှာ ယူရီးယားဓာတ်ြမေသြဇာစက်ရုံတစ်ရုံ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်မယ့် စီမံကိန်း အစီအစဉ် ရှိ၊ မရှိ။ ဆောင်ရွက်ပေးမယ်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မေးမြန်းထားပါသည် ။