(က) တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လယ်ယာမြေများနှင့် လူနေအိမ်များနှစ်စဉ်ရေလွှမ်းခံရခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဆွေ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော့်အနေနဲ့ ကျေးရွာနေလူထုတောင်သူလယ်သမား များတင်ပြလာသော အခက်အခဲများနဲ့ပတ်သက်၍ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအုပ်စုအတွင်း လွန်ခဲ့သော ၁၉၉၉ ခု နှစ်မှစ၍ နှစ်စဉ်မိုးရာသီရောက်ချိန်၌ ရေလွှမ်းမိုးမှုဒဏ်ကို လယ်သမားများအပါအဝင် တောကျွဲအင်းမြို့၊ ရွာမရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ပအိုဝ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ ခံစားနေရပါတယ်။ အိမ်‌ြခေ ၄၀၂ အိမ်ခန့်ရှိပါတယ်။ ရေလွှမ်းမိုးမှုဒဏ်ကြောင့် လယ်အချို့တွင် နှစ်ကြိမ်ခန့် ပြန်လည်စိုက်ပျိုးနေရခြင်း၊ အချို့နစ်မြုပ်လယ်များတွင် ၃ ကြိမ်ခန့် ပြန်လည်စိုက်ပျိုး နေရခြင်းများရှိခဲ့ပြီး အချို့နေရာများတွင် လုံးဝပျက်စီးခဲ့ရပါတယ်။ နှစ်စဉ် တောကျွဲအင်း၊ တူမောင်၊ ခင်အင်းကြီး၊ ဆင်စလုပ်အစရှိတဲ့ကျေးရွာအုပ်စုများမှ လယ်ဧက ၁၀၀၀ ကျော်ခန့် ရေလွှမ်းမိုးမှုဒဏ်ကို  ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တွင် လယ်ဧက ၁၇၅၅ ဧကနှင့်စိုက်တောင်သူ ၂၆၇ ဦးခန့် ဒုက္ခခံခဲ့ရပါတယ်။ ၁၂-၇-၂၀၁၁ ရက်နေ့တွင် တစ်ကြိမ်၊ ၉-၉-၂၀၁၁ ရက်နေ့တွင်တစ်ကြိမ် ရေလွှမ်းမိုးမှုခံခဲ့ရပါတယ်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများ၏တင်ပြချက်အရ လေ့လာသိရှိရသည်မှာ တောကျွဲအင်းမြို့၏မြောက်ဘက် ရေလွှမ်းမိုးခံရသောကျေးရွာအုပ်စုများ အတွင်း ဖြတ်သန်း၍စီးဆင်းနေသော သပိတ်ချောင်းသည် ယခင်ကအနက်ပေ ၁၀ ပေခန့်ရှိသော ချောင်းဖြစ်ခဲ့ပြီး ယခုအခါ သဲချောင်းဖြစ်သည့်အလျှောက် ၎င်းသပိတ်ချောင်းမှာ ချောင်းတစ်လျှောက် နှစ်စဉ်သဲများပို့ချကာ ချောင်းကော၊ ချောင်းတိမ်ဖြစ်သွားခြင်းကြောင့် အနက် ၂ ပေခန့်သာ ရှိပါတော့သည်။ သို့ဖြစ်ပါ၍ နှစ်စဉ်မိုးရွာသွန်းမှုများတိုင်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရေလွှမ်းမိုးမှုဒဏ်ကို အထက်ပါ ကျေးရွာအုပ်စုများမှ လယ်‌ြမေများနှင့် အဆိုပါရပ်ကွက် ၃ ရပ်ကွက်မှ ပြည်သူများ ခံစားနေကြရပါတယ်။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း ကျွေးရွာအုပ်စုအတွင်း နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ခံနေရခြင်းကို ကူညီ‌ြဖေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ သိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်။ အစီအစဉ်ရှိပါက ယခုနှစ်မိုးရာသီအမီ အလျင်အမြန်ဆောင်ရွက် ပေးပါရန် လေးစားစွာေ်မးမြန်းထားပါသည် ။