(ခ) လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှ ချို့ယွင်းလျက်ရှိသောမြောင်းလက်တံများအား ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြု အပ်ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းအောင်အနေနဲ့ မြင်းမူမဲဆန္ဒနယ်‌ြမေအတွင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနကနေ တည်ဆောက်ပေးထားခဲ့တဲ့ မြစ်ပေါက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း၊  ဆပ္ပကုန်းလျှပ်စစ်မြစ်ရေတင်စီမံကိန်း၊ ကျွဲရိုက်လျှပ်စစ်မြစ်ရေတင် စီမံကိန်း၊ လက္ကပင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းနှင့် ခြေရာတော်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဆိုင်ရာ များနှင့်ပတ်သက်ပြီး သိရှိလိုပါ၍ မေးမြန်းရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်မေးခွန်းကို စာဖြင့် ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှာ ၁၁/ဝ.၄ ကေဗွီလျှပ်စစ်ဓာတ်အား များကို သုံးစွဲပြီး ၂၀၀ ကေဗွီအေ ထရန်စဖော်မာများ၊ ၅၀၀ ကေဗွီအေ ထရန်စဖော်မာများ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာများနှင့် ၉ ကျူ့ဆက်ပန့်များ၊ မော်တာများ၊ ပင်မ‌ြမောင်းများ၊ မြောင်းလက်တံများ ပြည့်စုံစွာဖြင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
    ဥက္ကဋ္ဌကြီးခင်ဗျား။ မြစ်ပေါက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားလယ်ဧက ၁၃၀၀ ကို ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ထားခဲ့သော်လည်း မိုးစပါး ၉၉ ဧက၊ နွေစပါး ၅၀ ဧက၊ စုစုပေါင်း ၁၄၉ ဧကသာလျှင် အမှန်တကယ်ရေရရှိခဲ့တဲ့အတွက် လျာထားလယ်ဧက ၁၃၅၀မှာ လယ်ဧက ၁၄၉ ဧကသာ ရေရရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆပ္ပကုန်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းမှာ လျာထားလယ်ဧက ၇၅၀ အတွက် ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက် ထားခဲ့သော်လည်း မိုးစပါး ၅၀ ဧက၊ နွေစပါး ၉၁ ဧက၊ စုစုပေါင်း ၁၄၁ ဧက အမှန်တကယ် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားလယ်ဧက ၇၅၀ မှာ လယ်ဧက ၁၄၁ ဧကသာလျှင် အမှန်တကယ် ရေရရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွဲရိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားဧက ၅၀၀ အတွက် ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၅၀ ဧကသာလျှင် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားလယ်ဧက ၅၀၀ မှာ လယ်ဧက ၅၀ သာလျှင် အမှန်တကယ် ရေရရှိစိုက်ပျိုးနိုင်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ လက္ကပင်လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှာ လျာထားလယ်ဧက ၁၃၀၀ ရေရရှိပြီး အကျိုးပြုနိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၃၀ ဧက၊ နွေစပါး ၈၀ ဧက၊ စုစုပေါင်း  ၁၁၀ ဧကသာလျှင် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားဧက ၁၃၀၀ မှာ လယ်ဧက ၁၁၀ သာလျှင် အမှန်တကယ်ရေရရှိခဲ့ကြောင်း လေ့လာသိရှိခဲ့ ရပါတယ်။ ခြေရာတော်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှာ လျာထားလယ်ဧက ၅၀၀ ကိုရေရရှိပြီး အကျိုးပြု နိုင်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း မိုးစပါး ၄၀ ဧက ၊နွေစပါး ၃၂ ဧက၊ စုစုပေါင်း ၇၂ ဧက သာလျှင်စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် လျာထားဧက ၅၀၀ မှာ လယ်ဧက ၇၂ ဧက သာလျှင်ရေရရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
    လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ် အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများမှာ လျာထားသတ်မှတ်တဲ့ အကျိုးပြု ဧကများကို ပြည့်မီအောင် ရေမရရှိနိုင်ခြင်းနဲ့ အမှန်တကယ် ရေရရှိသုံးစွဲနိုင်သော ဧကများဟာ ကွာခြားချက် များလွန်းနေတာကို တွေ့ရှိရပါတယ်။ မြင်းမူမြို့နယ်အတွင်းမှာရှိတဲ့ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများရဲ့ ပင်မမြောင်းများဟာ ၉ ကျူ့စက်ပန့်  ၄ လုံးရဲ့ ရေတင်နိုင်တဲ့ မြောင်းများ              အဖြစ် တည်ဆောက်ခဲ့သော်လည်းပဲ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတိုင်းလိုလိုမှာ တပ်ဆင်ထားတဲ့        ၉ ကျူ့စက်ပန့် ၂ လုံးနဲ့ ရေတင်နိုင်တဲ့ ရေထုထည်ပမာဏကို ပင်မမြောင်းတိုင်းလိုလိုဟာ မျှတအောင် ထိန်းသိမ်းပို့ဆောင်နိုင်အား မရှိခြင်းကြောင့် ယခုလို လျာထားအကျိုးပြုဧကများကို ရေပြည့်မီအောင် အကျိုးမပြုနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လျှပ်စစ်မြစ်ရေတင် စီမံကိန်းများမှ အကျိုးပြုလျာထားဧကများ ရေရရှိပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံသားများအကျိုးနဲ့ ဒေသလူမှုစီးပွားရေး  ဖူလုံစေတဲ့ အကျိုးစီးပွားများကို အကျိုးဖြစ်ထွန်းစေနိုင်မယ့်  စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိတဲ့ အစီအစဉ် များကို သိရှိလိုပါ၍မေးမြန်းထားပါသည် ။