(က) မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံးနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဖြစ်ပါတယ်။ ကျွန်တော်မေးခွန်း ၃ ခုကို မေးမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့မေးခွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့ကတည်းက တင်ထားသည့် အတွက် ကြားကာလအတွင်း ဖြစ်ပေါ်တဲ့အကြောင်းအရာများအား အနည်းငယ်ရှင်းပြခွင့်ပြုစေ လိုပါတယ်ခင်ဗျား။ ပန်းချီဆရာများရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ သက်ဆိုင်ရာကော်မတီများသို့ လာရောက်ပြီး သူတို့ရဲ့ဖြစ်စေလိုတဲ့ဆန္ဒများကို သေချာစွာဆွေးနွေးခဲ့ပြီးပါပြီ။ အဲဒီအချိန်မှာပဲ ယခင် ရှိပြီးသော ဗဟိုဦးစီးအဖွဲ့ဝင်များက အများဆန္ဒမပါဘဲ မြို့နယ်အချို့မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရွေးချယ်ဖွဲ့စည်းပုံများကို ပြုလုပ်လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြန်မာ့ရိုးရာ ပန်းပညာရှင်များအစည်းအရုံးကို အသစ်ပြန်လည်ဖွဲ့စည်းပြီးပါကြောင်း ကြေညာဖို့ကြိုးစား နေကြောင်းကို အကြောင်းကြားစာများအရ သိရှိရပါတယ်ခင်ဗျား။
လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံးအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပါပြီ။ စတင်ဖွဲ့စည်းစဉ်ကာလမှ ယနေ့တိုင် ဗဟိုဦးစီးစနစ်ကို မပြောင်းမလဲဆက်လက်ကျင့်သုံးနေပြီး အဖွဲ့ဝင်များ၏ ဆန္ဒသဘော ထားများဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းကိုမူ ယနေ့အထိမပြုလုပ်နိုင်ခဲ့ပါ။ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းစည်းကမ်းများကိုလည်း ထုတ်ပြန်ခြင်းလည်းမရှိခဲ့ပါ။ ဦးဆောင်ကော်မတီဝင်လူကြီး များသည် နှစ်လရှည်ကြာအောင် မပြောင်းမလဲတည်ရှိနေမှုများကြောင့် မလိုလားအပ်သောအကျင့် ပျက်ခြစားမှုများလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်ခင်ဗျား။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ယဉ်ကျေးမှုအနုပညာတက္ကသိုလ်မှ ကျောင်းဆင်းအနုပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။ မြန်မာ့ပန်းချီလောကကြီးတိုးတက်လာစေရန်အတွက် လူတော် လူကောင်းများပေါ်ထွက်လာရန်လည်း လိုအပ်နေပါတယ်။ သို့ဖြစ်ပါ၍ ခေတ်စနစ်နှင့်အညီ မြန်မာ့ ရိုးရာပန်းပညာရှင်များအစည်းအရုံးကို အများဆန္ဒသဘောထားနှင့်အညီ စနစ်တကျပြန်လည်ဖွဲ့စည်း သင့်သည်ဟုယုံကြည်ပါတယ်။ ထို့အပြင် မြန်မာ့ရိုးရာပန်းပညာရှင်များအစည်းအရုံးတွင် ပန်းချီ ပညာရှင်များက အများစုပါဝင်နေပြီး ပန်းပုပညာရှင်များကိုလည်း အဖွဲ့ဝင်များအဖြစ် သတ်မှတ်ထား သော်လည်း ပါဝင်မှုမရှိသလောက်ဖြစ်နေသဖြင့် ပန်းပုပညာရှင်များ၏ အနုပညာလက်ရာများသည် အားနည်းလျက်ရှိနေပါတယ်။ ထို့ကြောင့် ပန်းပုပညာရှင်များ၏ လက်ရာကောင်းများပေါ်ထွက်လာ စေရန်အတွက် လိုအပ်ချက်များတစ်ခုဖြစ်နေပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပန်းချီအနုပညာရှင်များအနေနဲ့ ပြပွဲပြုလုပ်ရာတွင် ထုတ်ပြန်ထားသော ဥပဒေအရစိစစ်ရေးအဖွဲ့သို့ ပြပွဲတာဝန်ခံမှ ခွင့်ပြုချက်တင်ပြတောင်းခံရပါတယ်။ ထိုအခါ စိစစ်ရေးအဖွဲ့ကစိစစ်ပါတယ်။ ထိုသို့စိစစ်ရာတွင် ပန်းချီဆရာတစ်ဦးချင်းစီ၏ ကိုယ်ရေး ရာဇဝင်အကျဉ်းကို တင်ပြရပါတယ်။ ၎င်းစည်းကမ်းချက်သည် ယခင်က မရှိခဲ့ဖူးပါ။ ပန်းချီပြပွဲကို ပန်းချီဆရာ ၁၀ ဦးမှ ၃၀ ဦးထိ စုပေါင်းပြသကြသဖြင့် ထိုသူများ၏ ကိုယ်ရေးအကျဉ်းကို ပြပွဲ တာဝန်ခံတစ်ဦးအနေဖြင့် ရယူတင်ပြရန် အခက်အခဲများ ရှိနေပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ့ရိုးရာပန်းပညာရှင်များအသင်း တိုးတက်မြင့်မားလာရေး၊ ပန်းချီ ပညာရှင်များကြုံတွေ့နေရသော အခက်အခဲများဖြေလျော့ရေးနှင့် ပန်းပုလောက တိုးတက်ရေးတို့ကို မျှော်မှန်း၍ အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ်။ နံပါတ်(၁) မြန်မာ့ရိုးရာပန်းပညာရှင်များ အစည်းအရုံးကို အများသိနိုင်သောသတင်းစာမှနေ၍ ကြော်ငြာကာ ဒီမိုကရေစီနည်းကျကျ အများဆန္ဒ သဘောထားဖြင့် မဲပေးရွေးချယ်ဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိသိလိုပါတယ်။ နံပါတ်(၂) ပန်းချီပြပွဲ ကျင်းပရာတွင် ပါဝင်သူပန်းချီဆရာတိုင်း၏ ကိုယ်ရေးအကျဉ်းကို တင်ပြရာတွင် အခက်အခဲရှိပါသဖြင့် တာဝန်ခံကျင်းပသူ ပန်းချီဆရာကသာ တာဝန်ယူပြီး ထိုက်သင့်သလောက်စည်းကမ်းချက်များကို လျှော့ပေးစေလိုပါတယ်။ နံပါတ်(၃) ပန်းပုလောက တိုးတက်လာစေရန်အတွက် ပန်းပုပညာရှင် များအား အစည်းအရုံးကို သီးခြားဖွဲ့စည်းပေးရန်ဖြစ်နိုင်၊ မဖြစ်နိုင်သိလိုပါသည် ။