(ခ) သက်ကယ်ချောင်းတံတားရေလည်တိုင်အား ပြင်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦကျော်ဝင်း ဖြစ်ပါတယ်။ သက်ကယ်ချောင်းတံတား ရေလည်တိုင် အားပြင်ဆင်ပေးရန်မေးခွန်းနှင့်စပ်လျဉ်းလို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အဓိကအသုံးပြုနေသော သက်ကယ်ချောင်းမြစ်တွင် တည်ဆောက် နေသည့် သက်ကယ်ချောင်းမြစ်ကူးတံတား၏ ရေလည်တိုင်အကျယ်ပေ ၁၂၀ သည် ခရီးသည်တင် လိုင်းသင်္ဘောများ၊ ကုန်တင်တွဲသင်္ဘောကြီးများသွားလာရေးအတွက် ရေလမ်းကြောင်း တည်ရှိမှုအရ မြစ်ကွေ့တစ်ခုနှင့်နီးကပ်နေခြင်း၊ မောင်းနှင်သူများ မြင်ကွင်းမကောင်းခြင်း၊ ဝဲပြန်များရှိခြင်း၊ မြစ်ညာ ရေကျဆင်းမှုအရှိန်မြင့်မားသည့်အတွက် သင်္ဘောကြီးများ ထိန်းမတ်တည့်ဝင်ရန်ခက်ခဲခြင်း၊ ရာသီဥတု အရ ဆီးနှင်းများကျခြင်း၊ မိုးမှောင်ကျခြင်းတို့ကြောင့် ရေလမ်းကြောင်းအန္တရာယ်ဖြစ်ပေါ်နိုင်ပါသည်ဟု ရေယာဉ်သင်္ဘောမောင်းသူများက တင်ပြလာပါတယ်။ တင်ပြပါအခက်အခဲများကို ရှောင်ကွင်းပြီး ပမ္မဝတီမြစ်၏ ငပုတောမြို့အောက်ဖက်မှ လှည့်၍သွားမည်ဆိုပါက ကန်ရွာမှ သက်ကယ်ချောင်း မြစ်ထိပ်အထိ အချိန် မိနစ် ၂၀ မောင်းနှင်ရမည့်အစား အချိန် ၅ နာရီ ကြာမြင့်မည်ဖြစ်ပါသည်။ ဒါ့အပြင် ပမ္မဝတီမြစ်သည် ကျယ်ဝန်းခြင်း၊ မိုးရာသီတွင် လှိုင်းလေများရှိခြင်းတို့ကြောင့် သင်္ဘောများ သွားလာမှုအန္တရာယ်ရှိနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သည် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အဖြစ် ပြည်တွင်းပြည်ပကုမ္ပဏီများပူးပေါင်းပြီး ၂၀၂၅ ခုနှစ်အပြီး ဆောင်ရွက် နေချိန်ပဲဖြစ်ပါတယ်။ ပုသိမ်မြို့ဝင်ပေါက် နှစ်ဖက်ဖွင့်မှသာလျှင် ကုန်စည်စီးဆင်းမှုမြန်ဆန်မှာဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ သက်ကယ်ချောင်းတံတား ရေလည်တိုင်အားပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊မရှိ သိရှိ လို၍ မေးမြန်းတင်ပြထားပါသည် ။