(ဃ) နမ့်လုံချောင်းတံတားကို ရေတိုက်စားခြင်းမှကာကွယ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ တယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မိုင်းဖြတ်မြို့နယ်မဲဆန္ဒရှင်များရဲ့ ကိုယ်စား အကျိုးပြုမယ့်မေးခွန်းတစ်ခုကို မေးမြန်းတင်ပြလိုပါတယ်။ အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော့်မေးခွန်းကို စာဖြင့်ဖတ်ကြားမေးမြန်းခွင့်ပြုပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ မိုင်းဖြတ်မြို့ဟာ ကျိုင်းတုံမြို့နှင့် တာချီလိတ်၊ မိုင်းဆတ်မြို့၊ မိုင်းယွန်းမြို့နှင့် ကြက်ခြေခတ်လမ်းဆုံ ခရိုင်မြို့ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုင်းဖြတ်-မိုင်းခုတ်-မိုင်းဆတ်လမ်းပိုင်း ၉၄ မိုင်ရှိပြီး        မိုင်းဖြတ်မြို့မှ ၁ မိုင် ၂ ဖာလုံအကွာ နမ်‌့လုံချောင်းဖြတ်ကူးမည့်တံတား ၁၂ ပေကျယ်ပြီး ၂၄၀ ပေရှည် တစ်လွှာတစ်ထပ်ဘေလီတံတားတစ်စင်းရှိပါတယ်။ တံတားရဲ့ကမ်းကပ်တံတားဦး နှစ်ဖက်စလုံး ရေတိုက်စားမှုကြောင့် ဂငယ်ကွေ့ပုံသဏ္ဌာန်ရေစီးကြောင်း ဖြစ်ပေါ်လျက်ရှိပါတယ်။ တံတားရဲ့ တစ်ဖက်ထိပ်ရှိ ဝမ်ပုံရွာသည် အိမ်ခြေသုံးလုံးနှင့် ရွာပတ်လမ်းတစ်လမ်း ရေတိုက်စားခြင်းခံခဲ့ရပါ တယ်။ နှစ်စဉ်နှစ်တိုင်း ရေတိုက်စားခြင်းမှကာကွယ်ရန် ဒေသခံပြည်သူများ ငွေကျပ် သိန်းပေါင်းများစွာ ကုန်ကျခံခဲ့ပြီးဖြစ်ပါတယ်။ တံတားရဲ့‌ရေလည်တိုင်သုံးတိုင်အနက် တစ်တိုင်သည် ၂၅ ဒီဂရီတိမ်းစောင်း ပြီး မိုးတွင်းတောင်ကျရေကြီးလာလျှင် စိုးရိမ်ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသခံပြည်သူ များအနေနဲ့ ၎င်းတံတားကိုမှီခိုပြီး နေ့စဉ်နှင့်အမျှစီးပွားရေး၊ လူမှုရေးကိစ္စအဝဝနှင့် ကျေးရွာအုပ်စုမှ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်သားများ နေ့စဉ်ဖြတ်သန်းသွားလာနေရပါသဖြင့် ဟောင်းနွမ်း ယိမ်းယိုင်နေပြီဖြစ်တဲ့ တံတားအားရေတိုက်စားခြင်းမှ ကာကွယ်ပေးနိုင်ပါရန်အစီအစဉ်များရှိ၊ မရှိ သိရှိ လိုပါကြောင်းမေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)