(ဆ) အိမ်သုံးဆိုလာပြားများဝယ်ယူခြင်းအပေါ် တားမြစ်နေမှုနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာရိုအုပ်ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းတင်ပြမှာကတော့ အိမ်သုံးဆိုလာပြား များဝယ်ယူခြင်းအပေါ် တားမြစ်နေမှုများအား ဖြေရှင်းပေးနိုင်ခြင်းရှိ၊ မရှိမေးခွန်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့မေးခွန်းကိုစာဖြင့်ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်အတွင်းရှိ ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိဒ်ခေါဒါရ်၊ ထန်တလန်၊ မတူပီ၊ ရီဇဝါနှင့်ပလက်ဝတို့သည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်လျက်ရှိသောမြို့နယ်များဖြစ်ကြပါတယ်။ တစ်ဖက်နိုင်ငံရှိမြို့နှင့် ကျေးရွာတို့မှာညအခါ လျှပ်စစ် မီးရောင်များနှင့်ထိန်ထိန်လင်းလျက်ရှိသော်လည်းမိမိနိုင်ငံဘက်ခြမ်းတွင်မူ မဲမှောင်လျက်ရှိနေပါတယ်။ မိမိနိုင်ငံအတွင်း နယ်နိမိတ်နှင့်နီးစပ်လျက်ရှိသော မြို့၊ မြို့နယ်ခွဲနှင့် ကျေးရွာများမှာအိမ်သုံးအတွက် ဆိုလာပြားများကို တစ်ဖက်နိုင်ငံမှမိမိအစီအစဉ်ဖြင့် ဝယ်ယူအသုံးပြုနေကြပါတယ်။ စီးပွားဖြစ်ဝယ်ယူ ရောင်းချခြင်းမဟုတ်ဘဲ အိမ်သုံးအတွက်သာဝယ်ယူခြင်းဖြစ်ပါတယ်။ ထိုသို့ဝယ်ယူရာတွင် အဖွဲ့ အစည်းမျိုးစုံမှတွေ့ရှိသောနေရာတွင် ငွေတောင်းခံခြင်း၊ ပစ္စည်းသိမ်းယူခြင်းများပြုလုပ်လျက်ရှိ ကြောင်းသိရှိရပါတယ်။ နိုင်ငံတော်အနေဖြင့် ကျေးလက်မီးလင်းရေးကိုအားပေးနေချိန်တွင် နိုင်ငံတော် မှဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည့် အစွန်အဖျားဒေသရှိကျေးရွာများမှာ မိမိအစီအစဉ်ဖြင့်ဖြေရှင်း နေခြင်းအပေါ်အားပေးအားမြှောက်ပြုရမည့်အစား ယခုကဲ့သို့ဟန့်တားပိတ်ပင်ဆောင်ရွက်နေခြင်းများ အပေါ်တားမြစ်ပေးနိုင်ခြင်းရှိ၊ မရှိ ဖြေကြားပေးနိုင်ပါရန်လေးစားစွာဖြင့် တင်ပြမေးမြန်းထားပါသည် ။