(ဇ) ရေပေါက်ဝတံတားကို ပြန်လည်တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

မင်္ဂလာပါခင်ဗျား။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည်‌့သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်းသာယာရှိကြပါစေ၊ ဘေး အန္တရာယ်ကင်းရှင်းကြပါစေလို့ စေတနာဆန္ဒဖြင်‌့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းသာဖြစ်ပါတယ်။ ရိုသေလေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးမယ့်မေးခွန်းနှင်‌့ပတ်သက်ပြီးတော့ အကျိုးအကြောင်း အနည်းငယ်တင်ပြလိုပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသဟာ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များ စုစည်းတည်ရှိရာနယ်မြေဖြစ်သောကြောင့် ပြည်တွင်းရှိအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ ပြည်ပမှခရီးသွားဧည်‌့သည်များ၊ လေ့လာသူများ၊ စိတ်ဝင်တစားလာရောက်ကြသည့် ဒေသဖြစ်ပါတယ်။ အစိုးရသစ်ပေါ်ထွန်းလာခဲ့ခြင်းနှင်‌့အတူ ယခုနှစ်တွင်ယခင်နှစ်များကထက် နိုင်ငံခြားသားဧည်‌့သည် များပိုမိုဝင်ရောက်လာကြသည်ကိုလည်းတွေ့ရှိရပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားများတစ်နှစ် ထက်တစ်နှစ် လာရောက်လေ့လာမှုများရှိနေခြင်းကြောင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုရှိအောင် လမ်းများ၊ တံတားများ အထူးကောင်းမွန်ရန်လိုအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ မြောက်ဦးမြို့တွင် သံကူကွန်ကရစ်တံတား ၈ စင်းရှိပြီး ၁၉၂၆ ခုနှစ်နှင့် ၁၉၂၈ ခုနှစ်များတွင် ဗြိတိသျှအစိုးရမှတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရပါတယ်။ ဖော်ပြပါတံတားများမှ တံတား ၅ စင်းကိုမွမ်းမံပြင်ဆင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို ၂၀၁၀ ခုနှစ်မတိုင်မီက သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်တင်သွင်းခဲ့သည့်မေးခွန်းမှာ ကံလှတံတားမွမ်းမံပြင်ဆင်ရန် ကျပ်တစ်သန်းနှင့် ပြိုကျပျက်စီးမည်‌့အခြေအနေရှိသော ညောင်ပင်ဈေးတံတားအသစ်ပြုလုပ်ရန် ကျပ်သန်း ၅၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာနမှခွင့်ပြုချက်ရရှိပြီးဖြစ်၍ ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို မြောက်ဦးမြို့သူ၊ မြို့သားများက အထူးကျေးဇူးတင်ဝမ်းမြောက် ကြောင်းတင်ပြအပ်ပါတယ်။ သို့သော် ကျန်ရှိနေသောတံတားတစ်စင်းဖြစ်သည်‌့ ရေပေါက်ဝတံတားမှာ ၁၉၂၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကာလကြာရှည်စွာအသုံးပြုမှုများကြောင့် ဓာတ်ပုံမှတ်တမ်း ပါအတိုင်း အောက်ခြေသံတိုင်များကြိုးပဲ့ကာ မည်‌သည်‌့အချိန်တွင်ပြိုကျပျက်စီးမည်ကို မခန့်မှန်းနိုင်ဘဲ ရှိနေပါတယ်။ လက်ရှိအခြေအနေတွင် ၂ တန်အထက်ကားများ သွားလာမှုပိတ်ပင်တားမြစ်ထားရပါ တယ်။ ဒါ့အပြင် ရေပေါက်ဝတံတားဟာ ရှေးဟောင်းနန်းတော်ကုန်းနှင်‌့ ပြတိုက်သို့သွားရာ အဓိကလမ်း တံတားဖြစ်နေပါသောကြောင့် နိုင်ငံတော်မှသံကူကွန်ကရစ်တံတားအသစ်ကူညီဆောက်လုပ်ပေးပါရန် ဒေသခံမြို့သူ၊ မြို့သားများ အထူးအားကိုးမျှော်လင့်စောင့်စားလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ (၁) နှစ်ပေါင်း ၈၀ ကျော်ကာလ ကြာရှည်အသုံးပြု နေသော အောက်ခြေသံတိုင်များကျိုးပဲ့နေသည့် နန်းတော်ကုန်းနှင်‌့ ပြတိုက်သို့သွားရာအဓိကလမ်း တံတားဖြစ်သော ရေပေါက်ဝတံတားကိုနိုင်ငံတော်မှ အသစ်ပြန်လည်တည်ဆောက်ပေးရန်အစီအစဉ် ရှိပါသလား။ (၂) အစီအစဉ်ရှိပါက မည်သည့်ခုနှစ်တွင်တံတားအသစ်ပြန်လည် တည်ဆောက်ပေးမည် ကိုမေးမြန်းထားပါသည် ။