(က) ယာဉ်ကြီး/ယာဉ်ငယ်ထိခိုက်မှုပြဿနာနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးမြန်း လိုပါတယ်။
မော်တော်ယာဉ်နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများဖြစ်ကြတဲ့ The Burma Motor Vehicle Act, 1915 ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ မော်တော်ယာဉ်ဥပဒေ ၁၉၆၄ အရလည်းကောင်း၊ မော်တော်ယာဉ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူတဲ့ ပြစ်မှုဆိုင်ရာဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများအရ လည်းကောင်း၊ မော်တော်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုများကို စစ်ဆေးအရေးယူရာမှာ ယာဉ်ကြီး/ယာဉ်ငယ် ခွဲခြား သတ်မှတ်အရေးယူရန် ပြဋ္ဌာန်းချက်များပါရှိတာကို မတွေ့ရှိရပါ။ သို့သော် လက်တွေ့မှာ ယာဉ်ကြီးနှင့် ယာဉ်ငယ်ထိခိုက်တိုက်မိခြင်းများမှာ အထူးသဖြင့် ကုန်တင်ယာဉ်ကြီးများ သွားလာမှုများပြားပြီး မော်တော်ဆိုင်ကယ်အလွန်ပေါများတဲ့ ကျွန်တော်တို့နယ်တွေမှာ ယာဉ်ငယ်က မည်မျှပင် စည်းကမ်း ဖောက်ဖျက်မှားယွင်းနေသည်ဖြစ်ပါစေ ယာဉ်ကြီးများက မည်မျှပင်မှန်ကန်သည်ဆိုစေကာမူ ယာဉ်ကြီး ရဲ့အမှားအဖြစ်သတ်မှတ်အရေးယူ ပြစ်ဒဏ်ပေးနေတာကို တွေ့ရှိနေရပါတယ်။ ထိုသို့ သတ်မှတ် အပြစ်ပေးအရေးယူမှုများကို အခွင့်ကောင်းယူကာ ယခုအခါ ဆိုင်ကယ်စီးသူများက တမင်တကာ လမ်းစည်းကမ်း ဖောက်ဖျက်စီးနင်းခြင်း၊ တမင်မတော်တဆဖြစ်အောင် လုပ်ဆောင်လျော်ကြေး တောင်းဆိုခြင်းများပြုလုပ်နေတာကို တွေ့ရှိနေရပါတယ်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနနှင့် အဖွဲ့ အစည်းများက ဥပဒေနှင့်မညီညွတ်သော ဖော်ပြပါ ယာဉ်ကြီး/ယာဉ်ငယ် ထိခိုက်မှုပြဿနာများအား ဥပဒေနှင့်အညီဖြစ်စေရန် မည်ကဲ့သို့ ကြပ်မတ်ပြုပြင်ပေးနိုင်မည်နှင့် မော်တော်ယာဉ်မျိုးစုံ ဦးရေ တိုးတက်များပြားလာတဲ့ မျက်မှောက်ကာလမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု တိုးတက်ကောင်းမွန်အောင် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို မေးမြန်းထားပါသည် ။