(ခ) အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်းအဝယ်သမား နာမည်ခံအတုအယောင်တို့အား တားမြစ်သည့်ဥပဒေ ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာ မေးခွန်းနှစ်ခုကို မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ဥပဒေကို လက်တစ်လုံးကြားပြုလုပ်ပြီး သက်သေအတု၊ ဟန်ဆောင်စာချုပ်အတု၊ စရန်ပေးစာချုပ်၊ ၂၅ ကျပ်တန်စာချုပ်၊ ကိုယ်စားလှယ်လွှဲစာနှင့် လက်မှတ် ထိုးခိုင်း၊ လက်ဗွေနှိပ်ခိုင်းပြီး အိမ်မြေပွဲစားအမည်ခံငွေရှင်များသည် အိမ်မြေများကို ၁၀၀ လျှင် ၆ ကျပ်၊ ၇ ကျပ်အတိုးဖြင့် တရားမဝင် အပေါင်ခံလုပ်ငန်းကို လုပ်ကိုင်နေကြပါသည်။ ၃ လပြည့်၍ အတိုးအရင်း ကိုမပေးနိုင်လျှင် စရန်ပေးစာချုပ်တွင် သူတို့လိုသောငွေကိုထည့်ပြီး အိမ်ပေါင်၊ မြေပေါင်သူတို့အား တရားမလမ်းကြောင်းမှ တရားစွဲဆိုနေကြပါတယ်။ အတိုးပေါ်အတိုးဆင့်၍ စရန်ပေးစာချုပ်မှာ ဖော်ပြ ပြီး သက်သေခံမည့်သူကို ငွေပေး၍ စာချုပ်မှာလက်မှတ်ရေးထိုးစေကာ တရားရုံးလက်နှိပ်စက်စာရေး၊ တရားရုံးအကူစာရေး၊ တရားသူကြီးများကို လာဘ်ပေး၍အမှုကို အနိုင်ယူနေကြောင်း လေ့လာသိရှိရပါ သည်။ သို့ပါ၍ ကျွန်တော်မေးလိုသည့် မေးခွန်းနံပါတ် (၁) မှာ အိမ်ပွဲစား၊ မြေပွဲစား၊ အိမ်အရောင်း အဝယ်သမား နာမည်ခံအတုအယောင်တို့အား တားမြစ်ပေးရန် အရေးကြီးလိုအပ်နေပြီဖြစ်ပါ၍ တားမြစ်ဥပဒေ ရှိ၊ မရှိသိလိုပါကြောင်းနှင့် ရှိလျှင်မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို သိလိုပါသည်။ နံပါတ် (၂) မေးခွန်းမှာ နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ နေပြည်တော် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ တွင် ဒုတိယတရားမအယူခံအမှုများအား ပယ်သည့်ကိစ္စကို အကျဉ်းချုံးသိလိုပါသည် ။