(က) ကမ်းသာယာကမ်းခြေကို နိုင်ငံတော်မှပြန်လည်ထူထောင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်ဝကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဂွမဲဆန္ဒနယ်ရှင်ပြည်သူများရဲ့သိလိုချက်အရ ကမ်းသာယာကမ်းခြေနဲ့ ပတ်သက်သည့်မေးခွန်းအား မေးမြန်းခွင့်ပြုသည့်အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကမ်းသာယာ ကမ်းခြေဟာ ဂွ-သံတွဲကားလမ်းပေါ်မှာတည်ရှိပြီး ဂွမြို့မှ ၁၆ မိုင်၊ သံတွဲမြို့မှ ၆၄ မိုင်အကွာမှာ တည်ရှိပါတယ်။ ကမ်းသာယာကမ်းခြေဟာ အလွန်လှပတဲ့အတွက် နိုင်ငံတော်မှ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းအဖြစ် ၁၉၉၄-၁၉၉၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ရာမှာ ၁၉၉၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကမ်းသာယာပင်လယ်ကမ်းခြေနှင့် တစ်ဆက် တစ်စပ်တည်း ဆပ်သွားကျေးရွာအထိ ပင်လယ်ကမ်းခြေတစ်လျှောက် အရှည် ၅မိုင်ခန့်အုန်းခင်း များအား ဟိုတယ်တည်ဆောက်ရန် အုန်းပင်အကြီးတစ်ပင်ကို ကျပ်ငွေ ၅၀၀ ကျပ်၊ အုန်းပင် အလတ်တစ်ပင်ကို ကျပ်ငွေ ၂၅၀ ကျပ်၊ အုန်းပင်အငယ်အား ၁၅၀ ကျပ်ဖြင့် လျော်ကြေးပေးပြီး သိမ်းယူ ခဲ့ရာ ကင်းပုံကျေးရွာအုပ်စုမှ ပိုင်ရှင် ၂၈ ဦး၊ ဇီးကုန်းကျေးရွာအုပ်စုမှ ၄၁ ဦး၊ ဆပ်သွားကျေးရွာအုပ်စုမှ ၄၇ ဦး၊ စုစုပေါင်း အုန်းခင်းပိုင်ရှင် ၁၁၆ ဦးရဲ့ အုန်းခင်းအကျယ်အဝန်း ဧရိယာ ၁၁၉.၆၉ ဧက ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ကမ်းသာယာကမ်းခြေဂေါက်ကွင်းအတွက် ကွင်းအမှတ် ၂၇၉ ရှိ လယ်သမား ၂၄ ဦးပိုင်တဲ့ လယ်ဧက ၁၀၆ ဧကကိုလည်း ဂေါက်ကွင်းပြုလုပ်ရန် သိမ်းယူခဲ့ကြောင်း ကြားသိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ်းသာယာအပန်းဖြေစခန်းအား နှစ်အနည်းငယ်သာရှင်သန် လှုပ်ရှားခဲ့ပြီး ၁၀ နှစ်ကျော်မျှလုံးဝရပ်နားခဲ့ပါတယ်။ ပြင်ဆင်မှုမရှိတဲ့အတွက် ယိုယွင်းပျက်စီးနေတဲ့ တည်းခိုဆောင်များဟာ လှပသောကမ်းခြေမှာ များစွာအကျည်းတန်လျက်ရှိပါတယ်။ ဒါ့အပြင် ကမ်းသာယာစခန်းကို နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ၊ ဂေါက်ကွင်းများ အပါအဝင် ဖြစ်ပေါ်လာပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများစွာရရှိနိုင် ခြင်းစသည်တို့ကြောင့် သိမ်းယူခြင်းအားသဘောတူခဲ့တဲ့ အုန်းခင်းပိုင်ရှင်၊ လယ်ယာပိုင်ရှင်များဟာ မိမိတို့ရဲ့ စီးပွားရေးလည်းပျက်၊ နိုင်ငံတော်မှာလည်း အကျိုးမရှိသလိုဖြစ်နေတဲ့အတွက် မဲဆန္ဒရှင် ပြည်သူများကိုယ်စား ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းမှာ ဂွမြို့နယ်၊ ကမ်းသာယာအပန်းဖြေစခန်းအား နိုင်ငံတော်မှ ပြန်လည်အကောင်အထည်ဖော်ရန်အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်။ ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ရန်မရှိပါက အုန်းခင်းများ၊ လယ်ယာ များကို မူလပိုင်ရှင်များထံပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းထားပါသည် ။