(ခ) ယာမြေများကို သစ်တောကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့ခြင်းအား ပယ်ဖျက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ’’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ဟိုပန်မြို့နယ်မှာရှိတဲ့ ဖါခါး သစ်တောကြိုးဝိုင်းနှင့်ပတ်သက်ပြီး အဲဒီကြိုးဝိုင်းဧရိယာအတွင်းမှာနေထိုင်ကြတဲ့ တောင်သူ လယ်သမားများရဲ့တင်ပြချက်အရ ၎င်းတို့ကိုယ်စား မေးခွန်းမေးမြန်းခြင်းဖြစ်ပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖါခါးသစ်တောကြိုးဝိုင်းသည် ကျွန်တော်တို့ ဟိုပန်မြို့ပေါ်ရပ်ကွက် များနှင့်ဆက်စပ်လျက်တည်ရှိပြီး ဧရိယာ ၁၈၁၁၆ ဧက ဖွဲ့စည်းသတ်မှတ်ထားပါတယ်။ အဲဒီ ဖါခါး သစ်တောကြိုးဝိုင်းကို သစ်တောရေးရာဝန်ကြီးရုံး၏ ၉-၁-၂၀၀၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၇/၂၀၀၂ အရ ကြိုးဝိုင်းတောဖွဲ့စည်းခြင်းအမိန့်ကို ထုတ်ပြန်ခဲ့ပြီးသတ်မှတ်ခဲ့ပါတယ်။ ဖါခါးသစ်တော ကြိုးဝိုင်းသတ်မှတ်တဲ့ဧရိယာအတွင်းမှာ ရှေးယခင်ကတည်းကနေထိုင်လာခဲ့ကြတဲ့ ကျေးရွာအုပ်စု ၅ အုပ်စုမှ ကျေးရွာ ၃၆ ရွာသည် သစ်တောကြိုးဝိုင်းထဲသို့ကျရောက်ခဲ့ပါတယ်။ အဲဒီကျေးရွာ ၃၆ ရွာရဲ့ စိုက်ပျိုးမြေများနဲ့ မြို့ပေါ်ရပ်ကွက်မှာနေထိုင်တဲ့ တောင်သူလယ်သမားအများအပြားရဲ့ စိုက်ပျိုးရေးမြေ များသည် သစ်တောကြိုးဝိုင်းဧရိယာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဖါခါးသစ်တောကြိုးဝိုင်းဧရိယာအတွင်းမှာ မူလကတည်းက သစ်တော၊ သစ်ပင်ကြီးဟူ၍ လုံးဝပေါက်ရောက်ခြင်းမရှိဘဲ ကျေးရွာများရဲ့စိုက်ပျိုးမြေများကို ကြိုးဝိုင်းတောဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဤသို့ ကြိုးဝိုင်းဖွဲ့စည်းသတ်မှတ်တဲ့အချိန်မှာ ကျေးရွာများရဲ့စိုက်ပျိုးရေးမြေ များကို သတ်မှတ်ချန်ထားခဲ့သော်လည်း တိုးပွားလာသောလူဦးရေနှင့် အခြားဒေသမှပြောင်းရွှေ့လာ သောလူဦးရေများကြောင့် ယခုအခါကြိုးဝိုင်းတစ်ခုလုံးတွင် ကျေးလက်နေတောင်သူလယ်သမားများ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ ဘိန်းအစားထိုးရာဘာပင်များနှင့် ရာသီသီးနှံအမျိုးမျိုးကိုသာ တွေ့ရမှာဖြစ်ပါတယ်။ ထိုသို့စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ ဒေသခံတောင်သူလယ်သမားများနဲ့ သစ်တော ဦးစီးဌာနမှဝန်ထမ်းများအကြား မကြာခဏအငြင်းပွားလေ့ရှိကြောင်းကြားသိရပါတယ်။ သို့ဖြစ်ပါ၍ သစ်တော၊ သစ်ပင်များပေါက်ရောက်ခြင်းမရှိဘဲ ဒေသခံတောင်သူလယ်သမားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြတဲ့ ဖါခါးသစ်တောကြိုးဝိုင်းအတွင်းမှ ယာမြေများကို သစ်တောကြိုးဝိုင်းဧရိယာ သတ်မှတ်ထားရှိခြင်းမှပယ်ဖျက်ပြီး ဒေသမှာနေထိုင်ကြတဲ့ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးမြေ များအဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ၊ မရှိသိလိုပါ၍ ရိုသေစွာမေးမြန်းထားပါသည် ။