(က) တကောင်းမြို့ဘက်သို့သွားသောဂိတ်အား မိုးကုတ်သွားသောလမ်းအဝသို့ ရွှေ့ပြောင်းပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အားလုံး ကျန်းမာဂတိ ချမ်းသာစွာရှိပြီးတော့ နိုင်ငံတော်အကျိုး၊ ပြည်သူများရဲ့အကျိုး ဆတက်ထမ်းပိုးသယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။ ကျွန်တော် မေးခွန်းတစ်ခုမေးလိုပါတယ်။ အဲ့ဒါကတော့ “ မြန်မာအစ တကောင်းက ’’ ဟူ၍ လူတိုင်းသိနေတဲ့ ရှေးဟောင်းတကောင်းမြို့ဟောင်းကြီးဟာ ငါးကြင်းမီးခုံမြို့ရိုး အနော်ရထာမင်းကြီးရဲ့ ၄၃ မြို့ရိုးထဲမှာ တစ်မြို့အပါအဝင်ဖြစ်တဲ့ တကောင်းမြို့ရိုး အဲ့ဒီမြို့ရိုးနှစ်ခုကို ပတ်ထားတဲ့ မြို့ရိုးကြီးရှိပါတယ်။ အဲ့ဒါအပြင် တစ်နေရာထဲမှာ ပျူအထိမ်းအမှတ်တွေ ပါတဲ့ ပျူအိုး ၆၁ လုံးလည်းရှိပါတယ်။ နောက် ရှေးဟောင်းစေတီပုထိုးများနှင့် အုတ်အုန်းမောင်း ဟာလည်း ၆၀ ကျော်ရှိပါတယ်။ နောက်တစ်ခုက ရှေးဟောင်းသုတေသနဌာနမှာ ငွေကုန်ကြေးကျ မြောက်မြားစွာခံပြီး ရှေးဟောင်းပြတိုက်ကြီးတစ်ခု တည်ဆောက်ထားတာ လေ့လာစရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီတော့ ဒါတင်မကဘူး။ ကျွန်တော်တို့ ဥတ္တရယာဉ်စွန်းတန်းဟာလည်း တကောင်းမြို့ကို ဖြတ်သန်းသွားပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များက စိတ်ဝင်စားကြပါတယ်။ သွားရောက် လေ့လာလိုကြပါတယ်။ ဒါပေမယ့် မိုးကုတ်ကိုသွားဖို့ နိုင်ငံခြားသားများကို ခွင့်မပြုပါဘူး။ တားမြစ် ထားတဲ့ဂိတ်တစ်ခုရှိပါတယ်။ အဲ့ဒီဂိတ်က ကျွန်တော်တို့ Yပုံ မြန်မာလိုဆိုရင် လောက်လေးခွပုံ အရင်းမှာ ပိတ်ထားတဲ့အတွက် နိုင်ငံခြားသားများ Package Tour တွေ၊ FID တွေသွားဖို့ အခက်အခဲ ရှိပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီဂိတ်ကလေးကို ပေ ၁၀၀ လောက်ပဲဝေးတဲ့နေရာပေါ့။ အဲ့ဒီနေရာက မိုးကုတ်ဘက်ကို မသွားစေချင်တာပေါ့။ မိုးကုတ်ဘက်သွားမယ့်နေရာ အဝလေးမှာ ဂိတ်ကိုရွှေ့ပေးဖို့ ပေ ၁၀၀ ပဲကွာပါတယ်။ အဲဒါလေးကို ကျွန်တော် မေးခွန်းမေးလိုတာကတော့ အဆိုပါဂိတ်အား လက်ရှိနေရာမှ ပေ ၁၀၀ ခန့်ဝေးသော မိုးကုတ်သွားလမ်းဘေးအဝတွင် ရွှေ့ပြောင်းပေးနိုင်ခြင်းရှိ၊မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ရွှေ့ပြောင်းပေးနိုင်ပါမည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်း ထားပါသည် ။