(ခ) ပုဒ်မ ၃၅၉ ပါပြဋ္ဌာန်းချက်အား ဝန်ကြီးဌာနအသီးသီးမှ မည်ကဲ့သို့လိုက်နာဆောင်ရွက်မည်နှင့်စပ်လျဉ်း သည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေလို့ ကျွန်တော် စမ်းချောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါ တယ်။ ကျွန်တော်ကနေ့ မေးခွန်းတစ်ခုကိုမေးလိုပါတယ်။ ကျွန်တော်မေးလိုတာကတော့ အဓမ္မ စေခိုင်းခြင်းဆိုင်ရာပုဒ်မ ၃၅၉ နှင့်စပ်လျဉ်း၍မေးမြန်းခြင်းဖြစ်ပါတယ်။ ယခုအခါ နိုင်ငံတော်သည် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ဆင်းရဲ မွဲတေမှုလျော့ပါးရေးကိစ္စတို့ကို အလေးထားဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ထိုသို့ ဒီမိုကရေစီခေတ် သို့ကူးပြောင်းနေချိန်တွင် နိုင်ငံသားတို့ အခွင့်အရေးနဲ့ လူနေမှုဘဝတိုးတက်စေရေးတို့အတွက် အခကြေးငွေပေးစေခိုင်းခြင်းဖြင့် လုပ်ခဝင်ငွေရရှိစေပြီး အလုပ်လက်မဲ့လျှော့ချရေးတို့ကိုပါ တစ်ပါတည်း ဖြည့်ဆည်းပေးရာရောက်မည် ဖြစ်ပါတယ်။ ထို့ကြောင့် အခြေခံဥပဒေပုဒ်မ ၃၅၉ အရ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနဲ့အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်း ခြင်းကို တားမြစ်သည်ဟု ပြဋ္ဌာန်းထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့ ဥပဒေကျူးလွန်၍ အပြစ်ဒဏ် ပေးခြင်းခံနေရသူများအပေါ်၌ပင် အဓမ္မစေခိုင်းခြင်းကို ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်ဟု ပြဋ္ဌာန်းထားရှိပေးထားပါတယ်။ သို့ဖြစ်ပါ၍ ဤဒီမိုကရေစီ ခေတ်တွင် လူ့သိက္ခာ၊ လူ့တန်ဖိုးအရ လုပ်အားပေးစနစ်ဖြင့် လူမှုလုပ်အားတို့ကို အခမဲ့ရယူသုံးစွဲခြင်း မျိုးမရှိအပ်တော့ပါ။ သို့ပါ၍ အခြေခံဥပဒေပုဒ်မ ၃၅၉ ပါ အများပြည်သူအကျိုးအတွက် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မခိုင်းစေခြင်းကိုတားမြစ်သည်ဟုပါရှိသည့်အတိုင်း ယင်းပုဒ်မပါ ပြဋ္ဌာန်းချက်များအား ဝန်ကြီးဌာနအသီးသီးမှ မည်ကဲ့သို့လိုက်နာဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းထားပါသည် ။