(ဂ) ကျေးလက်ဒေသပညာရေးစနစ်အား အလေးထားဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းရင်းဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း ဖြစ်ပါတယ်။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက် ရာမှာ နိုင်ငံသားများ၏ပညာရည်မြင့်မားရေးသည် အထူးအရေးပါသောအကြောင်းအချက်တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကျောင်းနေအရွယ်လူငယ်လူရွယ်တိုင်း ပညာသင်ကြားနိုင်ရေး အတွက် အခွင့်အလမ်းများရရှိစေဖို့ မြို့ပြနှင့်ကျေးလက်ဒေသတော်တော်များများမှာ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ပေးထားသဖြင့် ကျေနပ်အားရဖွယ်ဖြစ်ပါတယ်။ ပြည်သူများအနေဖြင့်လည်း မိမိတို့ရင်သွေးသားသမီးများ ပညာတတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရာမှာ အချို့ကျေးရွာများဆိုလျှင် အစိုးရစာသင်ကျောင်းများမရှိသေးတဲ့အတွက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ထူကိုယ်ထကျောင်းများဆောက်လုပ်ပြီး မိမိတို့တတ်နိုင်သလောက် ငွေကြေး အင်အားနှင့် ဆရာ/ဆရာမတစ်ဦး သို့မဟုတ် နှစ်ဦးကိုငှားရမ်းပြီး ခက်ခဲစွာပညာသင်ကြားစေတာ ကိုလည်းတွေ့မြင်နေရပါတယ်။  နိုင်ငံတော်မှ အစိုးရစာသင်ကျောင်းများဖွင့်လှစ်ပြီး ကျေးလက် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကျေးရွာအများစုတွင် ဆရာ/ဆရာမ၊ ဝန်ထမ်းများ လုံလောက်စွာခန့်ထားပေးနိုင်ခြင်းမရှိသေးတဲ့အပြင် ခန့်ထားတဲ့ဆရာ/ဆရာမ အချို့မှာ လည်း ကျန်းမာရေး၊ နေထိုင်သွားလာရေးအဆင်မပြေတာကိုအကြောင်းပြုပြီး ကျေးရွာများသို့ပုံမှန် ရောက်မလာဘဲ တာဝန်ပျက်ကွက်ကြခြင်း၊ ဆရာ/ဆရာမအချင်းချင်းနားလည်မှုယူပြီး အလှည့်ကျ စနစ်ဖြင့် ပညာသင်ကြားပေးနေခြင်းများကိုလည်းတွေ့ရှိရတဲ့အတွက် အတန်းစုံကို ဆရာ/ဆရာမ တစ်ယောက်တည်းဖြင့် ဆရာကြီးသိပ္ပံမောင်ဝရဲ့ ဆရာစောကျောင်းကဲ့သို့ သင်ကြားနေတာကိုလည်း တွေ့မြင်နေကြရပါတယ်။ အချို့ကျေးရွာကျောင်းများဆိုလျှင် အရည်အချင်းမပြည့်မီတဲ့ ဒေသခံများကို ငှားရမ်းပြီး မိမိတို့ကိုယ်စားသင်ကြားစေတာကိုလည်း သက်ဆိုင်ရာပညာရေးဌာနများမှာ ကြီးကြပ် ကွပ်ကဲမှုအားနည်းပြီး လစ်လျှူရှုနေကြောင်းကို စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေ့မြင်နေကြရပါတယ်။ ထိုအခြေအနေများကြောင့် မြို့ပေါ်ကျောင်းများတွင် ဆရာနှင့် ကျောင်းသားအချိုးမှာ ၁ း ၄၀ ခန့်ရှိ သော်လည်း အချို့ကျေးရွာများတွင် ဆရာနှင့် ကျောင်းသားအချိုးမှာ ၁ း ၉၀ ခန့်ထိရှိနေကြောင်း တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မြို့နှင့်ဝေးလံတဲ့ ကျေးရွာငယ်အချို့တွင် စာသင်ကျောင်းများ မရှိခြင်းကြောင့် မြစ်ကူးချောင်းဖျားသွားရောက်ပညာသင်ကြားရသဖြင့် အခက်အခဲများစွာနှင့်တွေ့ကြုံ နေရပြီး ကျောင်းသား/ကျောင်းသူများ အသက်ဆုံးရှုံးရတဲ့အထိဖြစ်ရပ်များကိုလည်း တွေ့မြင်နေကြရ ပါတယ်။ အချို့ကျေးရွာအများစုတွင် မူလတန်းပညာသင်ကြားတတ်မြောက်ပြီး အလယ်တန်းပညာ သင်ယူလိုသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် ခရီးလမ်းဝေးကွာခြင်း၊ မြို့ပြပညာသင်စရိတ် အတွက် အခက်အခဲရှိခြင်းတို့ကြောင့် တစ်ဆင့်မြင့်ပညာသင်ကြားနိုင်ရေး အခွင့်အလမ်းများဆုံးရှုံး နေရကြောင်းကိုလည်းတွေ့မြင်နေကြရပါတယ်။ သို့အတွက် ကျေးလက်ဒေသများ၏ပညာရေးသည် မြို့ပြပညာရေးနှင့်နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေကြောင်းတွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်လျက်ရှိတဲ့ ကျေးလက်ဒေသများရဲ့ပညာရေးစနစ် နိမ့်ကျနေမှုဟာ လစ်လျှူရှု မထားသင့်ပါ။ သို့ပါ၍ လာမည့်ပညာသင်နှစ်များတွင် ပညာရေးစီမံကိန်းများအား အကောင်အထည် ဖော်ရာတွင် ကျေးလက်ဒေသပညာရေးစနစ်အား အလေးထားဆောင်ရွက်ပေးမည့် အစီအစဉ်များ     ရှိ၊ မရှိ ကျေးလက်နေမိဘပြည်သူများကိုယ်စား လေးစားစွာတင်ပြမေးမြန်းထားပါသည် ။