(ဃ) နိုင်ငံတော်မှဦးဆောင်၍ ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကျင်းပနိုင်ရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား၍ တက်ရောက်လာကြတဲ့ ဧည့်သည်တော်ကြီးများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ပညာရေးစီမံခန့်ခွဲမှု (Good  Educational Mangement) သည် အဓိကမောင်းနှင်အားဖြစ်ပေါ်နေတဲ့ ယန္တရားကြီးတစ်ခုဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ခါမှာ ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ထွန်းသစ်စစက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟာ နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်နဲ့ ပညာရေးတိုးတက်ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုများကို အစီအမံများနဲ့ စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ထဲမှာ ဆိုရင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတော်မှာ ဘက်စုံထောင့်စုံ ကျေးလက်ဒေသမြို့ပြမကျန် အားလုံးတိုးတက်ဖွံ့ဖြိုးနိုင်ဖို့အတွက် မိမိတို့သိရှိထားသော ကိစ္စရပ်များတင်ပြနိုင်ဖို့အတွက်ကို ရေးရာ ကော်မတီအသီးသီးကို သင့်တင့်လျောက်ပတ်တဲ့ ကိုယ်စားလှယ်တော်ကြီးများနဲ့ အမြော်အမြင်ကြီးမား တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ဦးဆောင်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ထဲမှာပြန်ကြည်‌့ရင် ဒီနေ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးတာဝန်များကို တစ်နံတစ်လျား ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်ကြီးများ၊ နိုင်ငံတော်ရဲ့တာဝန်ကို မိမိတို့တတ်ထားတဲ့ ပညာနဲ့ အသိပညာတွေ၊ အတတ်ပညာတွေ ထမ်းဆောင်ခဲ့တဲ့ပညာရှင်ကြီးများ နောက်ပြီး စီးပွားရေးအတွေ့အကြုံ ရင့်ကျက်တဲ့ စီးပွားရေးပညာရှင်လူငယ်များ ပါဝင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အားဖြင့် ကြီးရင့်ပြီး ဘဝအတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်များလည်း ပြည်သူ့လွှတ်တော်ထဲမှာ အစုံအလင်ရှိပါတယ်။ ဒီလိုရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို စုစည်းပြီးတော့မှ ခုနက ကျွန်တော်တင်ပြသလို အမြော်အမြင် ကြီးမားပြီး တည့်မတ်မှန်ကန်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ဦးဆောင်ပြီး ဖွဲ့စည်းပေးထားတဲ့ ရေးရာကော်မတီတွေဟာ ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ တင်သင့်တဲ့ ဥပဒေတွေကို တင်၊ ပြင်သင့်တဲ့ ဥပဒေတွေကို ပြင်၊ အဆိုတင်သွင်းတဲ့ကိစ္စတွေကို အဆို တင်သွင်းပြီး လွှတ်တော်ရဲ့တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်ကို တိတိကျကျနဲ့ဆောင်ရွက်နေတာ အရှိန်အဟုန်ရရှိနေပြီဖြစ်ပါတယ်။ ထိုနည်း တူစွာပဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ အသိပညာရှင်များ၊ ဘက်စုံအတတ်ပညာရှင်များ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်ပူးပေါင်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများပြုလုပ်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရကဦးဆောင်ပြီးတော့ အမျိုးသားအဆင့် ဘက်စုံပညာရေးနှီးနှောဖလှယ်ပွဲကြီး တစ်ရပ်ကို ကျင်းပပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် အထူးသင့်တော်မယ်လို့ ထင်မြင် ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်မေးလိုတဲ့မေးခွန်းကတော့ နိုင်ငံတော်မှဦးဆောင်၍ ဘက်စုံ ပညာရေးနှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကို ကျင်းပပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုသည် ။