(ခ)-ပခုက္ကူတက္ကသိုလ်တွင် ဥပဒေပညာဌာန နေ့သင်တန်းဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပခုက္ကူတက္ကသိုလ်သည် ဒေသကောလိပ်မှ ၂၃-၁-၂၀၀၁ ရက်နေ့တွင် ပခုက္ကူတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ၁၂ ခုကို သင်ကြားပေးခဲ့သော်လည်း ဥပဒေပညာရပ် အတွက် နေ့သင်တန်းကို ဖွင့်လှစ်နိုင်ခြင်း မရှိပါကြောင်း၊ အဝေးသင်သင်တန်းများကိုသာ ဖွင့်လှစ်ခဲ့သည့်အတွက် ဒေသအတွင်းမှ ကျောင်းသူ/ ကျောင်းသားများသည် ဥပဒေပပညာဘာသာရပ်အတွက် နေ့သင်တန်း ကို မကွေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားနေကြရပါကြောင်း၊ ပခုက္ကူမြို့နယ်သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း၏မြို့တော် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ယောနယ်ဘက်တွင် ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျောမြို့နယ်များ ပခုက္ကူ ခရိုင်မှာရှိသည့် ရေစကြို၊ ပေါက်၊ မြိုင်၊ ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များမှ ကျောင်းသူကျောင်းသားများသည် ပခုက္ကူတက္ကသိုလ်ကို လာရောက်ပညာသင်ကြားကြရပါ ကြောင်း၊ တက္ကသိုလ်အဖြစ်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်မှာ ၁၇ နှစ်ရှိပြီ ဖြစ်ပြီး လက်ရှိ ဥပဒေပညာကို တက်ရောက် သင်ကြားသည့် အဝေးသင်ကျောင်းသားကျောင်းသူမှ ၃၀၀ ကျော် ရှိပါကြောင်း၊ နိုင်ငံသားတိုင်း သိသင့်သော ဥပဒေပညာရပ်ကို နေ့သင်တန်းတက်ခြင်းဖြင့် ဝေးလံခေါင်းပါးသည့်ဒေသမှ ကျောင်းသူ ကျောင်းသားများ အတွက် ပိုမိုထိရောက်နိုင်ပြီး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အကျင့်စာရိတ္တ၊ စိတ်ဓာတ် ကောင်းမွန်ပြီး အရည်အသွေး များတိုးတက်လာရေးနှင့် ပညာအရည်အသွေးပြည့်ဝသော ပညာရပ် ဝန်းကျင် ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း၊ နေ့သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ထဲမှာ နိုင်ငံတော်၏ပညာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပါဝင်အထောက် အကူပြုရန်၊ ဥပဒေ ဘာသာရပ်ကို ပခုက္ကူတက္ကသိုလ်တွင် အမျိုးသားပညာရေးဥပဒေနှင့်အညီ အခြားဘာသာရပ်များ နည်းတူ တန်းတူ သင်ယူနိုင်ကြစေရန်၊ ဥပဒေပညာနေ့သင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့် ဥပဒေကို လေးစား လိုက်နာ တတ်သော၊ ဒီမိုကရေစီနိုင်ငံတော်အတွက် မျိုးဆက်သစ်ဥပဒေပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ် နိုင်ရန်၊ မဟာ ဥပဒေဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ ဆက်လက်ဆည်းပူးတက်ရောက် လိုသည့် စိတ်ဓာတ် စွမ်းအား မြှင့်တင်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပခုက္ကူတက္ကသိုလ်တွင် ဒေသတွင်းအဆင့်မြင့်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဘာသာရပ်နယ်ပယ်ပေါင်းစုံကို သင်ယူနိုင်ကြစေရန် အတွက် ဥပဒေပညာနေ့သင်တန်း ကို ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။