(င)-ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ချောင်းကူးတံတား (၃၀၀)ပေအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ စေတီတောင်ကျေးရွာသည် လူနေအိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဈေး၊ လုံခြုံရေးကင်းစခန်းစသည့် ကျေးရွာဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံပြီး ဘူးသီးတောင်မြို့နယ်၏မြို့နယ်ခွဲ အဖြစ် လျာထားခြင်းခံရသောကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊
သို့သော် စေတီတောင်ချောင်းသည် စေတီတောင်ကျေးရွာနှင့် အခြားပတ်ဝန်းကျင် ကျေးရွာများကို ပိုင်းခြားထားသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးယန္တရားတွေအတွက် ခက်ခဲနှောင့်နှေးမှုများရှိသည့်အပြင် ကူးတို့လှေမှောက်၍ ကျောင်းသူကျောင်းသား သေဆုံးမှုများလည်း ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် စေတီတောင်ချောင်းကို တံတားတည်ဆောက်ရန်အတွက် တံတား(အထူး)ခုံအဖွဲ့ နှင့်အတူ ကွင်းဆင်းတိုင်းတာမှုများပြုလုပ်ပြီး လွှတ်တော်ထဲတွင် တင်ပြခွင့်ရလာခြင်း ဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် ဘူးသီးတောင်-ပုဏ္ဏားကျွန်းကားလမ်းနံဘေးတွင်တည်ရှိပြီး စေတီတောင်၊ သိန်းတန်၊ ပျဉ်လှ၊ ဆင်ခိုးတောင်၊ နွားရုံတောင်၊ စပါးထား၊ ဆင်တောင်၊ ကျောက်ရန်စသည့် ကျေးရွာပေါင်း ၂၀ ကျော်ခန့်နှင့် ပြည်သူပေါင်း ၂၀၀၀၀ ကျော်အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ယန္တရားကို လွယ်ကူမြန်ဆန်စွာအထောက်အကူပြုလာမည်ဖြစ်လာမည်ဖြစ်သည့်အတွက် ဒေသအတွင်း အရေးပါသောတံတားတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထား သတ်မှတ်ရာတွင် တံတားတည်ဆောက်ရန် ပါဝင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။