(ခ)-နန်းယွန်းမြို့နှင့် ပန်ဆောင်မြို့ကြား လမ်းကြောင်းပိုမိုခက်ခဲသောလမ်းပိုင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေခွန်း

2020-12-26

 

နန်းယွန်းမြို့နယ် နန်းယွန်း-ပန်ဆောင်ကြားရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ယူထားသည့် လမ်းအပိုင်း မိုင်တိုင် (၁၁၉) မှ မိုင်တိုင် (၂၀၅) အထိ၊ မိုင်တိုင် (၂၂၂) မှ မိုင်တိုင် (၂၂၈) ကြားထိ အားလုံး ၁၂ မိုင် ၎င်းလမ်း အပိုင်းသည် မြေသားလမ်းဖြစ်ပါကြောင်း၊ လမ်းကြောင်းပိုမိုခက်ခဲသည့် မိုင်တိုင် (၂၂၂) နှင့် မိုင်တိုင် (၂၂၈) ကြားကို ဇန်နဝါရီလဆန်းတွင် ဒေသခံကုမ္ပဏီများ၏ အကူအညီယူပြီး JCB နှင့် မြောင်းဖော်၊ မြေဖို့ လုပ်ခဲ့သည့်အတွက် အနည်းငယ်သွားလာရန် အဆင်ပြေသက်သာခဲ့ပါကြောင်း၊ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း မိုးများသည့်ဒေသဖြစ်သည့်အတွက် ခရီးသည်များသည် ဆိုင်ကယ်နှင့် တစ်ယောက်တည်း သွား၍မရပါကြောင်း၊  လမ်းဆိုးသည့်အတွက် တချို့နေရာများတွင် ဆင်နှင့်ဆွဲရသည့်အထိ ဖြစ်ပါကြောင်း၊ လမ်းခရီးအဆင်မပြေသည့်အတွက် မိမိတို့ဒေသတွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလုပ်ငန်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရသည့်အခါတွင် အခက်အခဲများ အများကြီးကြုံတွေ့ကြရပါကြောင်း၊ ထို့ကြောင့် နန်းယွန်း-ပန်ဆောင်ကြား လမ်းကြောင်းပိုမိုခက်ခဲသည့် လမ်းအပိုင်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။