(ဆ)-ဂန့်ဂေါမြို့နယ်တွင် ၂၀၁၆ ခုနှစ် မိုးရာသီ၌ သာလင်း-မြင်သား မြစ်သာမြစ်ကူးတံတားသည် မျောပါ ပျက်စီးသွားခဲ့ရာ မြစ်သာမြစ်ကူးတံတားတစ်စင်း အမြန်ဆုံးဆောက်လုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင်‌့ စပ်‌လျဉ်းသည်‌့မေးခွန်း

2020-12-26

 

ဂန့်ဂေါမြို့နယ်တွင် မြစ်သာမြစ်သည် မြို့နယ်ကို တောင်မှမြောက်၊ အလယ်မှဖြတ်သန်းစီးဆင်း လျက်ရှိပြီး ဂန့်ဂေါမြို့နယ် ကန်‌မြောက်ပိုင်းဒေသသည် မတ်ပဲ၊ ထောပတ်ပဲ၊ ပဲတီစိမ်းအစရှိသည့် ကောက်ပဲသီးနှံများ တစ်မြို့နယ်လုံးအထွက်နှုန်း၏ ၇၀ ရာခိုင်နှုန်းခန့်ထွက်သည့် ဒေသဖြစ်ပါကြောင်း၊ ၎င်းမြစ်အရှေ့ဘက် ရွာမျ‌ား၏ လယ်ယာထွက်ကုန် သယ်ယူရောင်းဝယ်ရေး လိုအပ်ချက်ကြောင်‌့ ၂၀၀၆ ခုနှစ်ကပင် ပြည်သူတို့က ၎င်းတို့ကိုယ်ပိုင်ငွေဖြင်‌့ ကိုယ်ထူကိုယ်ထကြိုးတံတား ဆောက်လုပ်ခဲ့ကြ ပါကြောင်း၊ ၎င်းကြိုးတံတားသည် ပျက်စီးစပြုလာသည့်အတွက် ၂၀၁၃ ခုနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထုမှ သိန်း ၅၀ ခန့် လုပ်အားတန်ဖိုးဖြင်‌့ ရေလယ်တိုင်အသစ် ဆောက်လုပ်ခဲ့ကြပါကြောင်း၊ ၃၀-၁၀-၂၀၁၆ ရက်နေ့တွင် ရေလယ်တိုင်က ရေကြီးသည့်အထဲ မျောပါသွားခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အစိုးရလက်ထက်တွင် ပြည်သူလူထု၏ လိုအပ်ချက် ဖြစ်သည့်လမ်း၊ တံတားများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဦးစားပေးအဆင်‌့အလိုက် တည်ဆောက်ပေးနေသည်ကို ပြည်သူလူထုမှလည်း ကျေးဇူးတင်ဝမ်းမြောက်လျက် ရှိပါကြောင်း၊ မိမိတို့၏ မြို့နယ်တွင်လည်း Town Plan အရရော အမှန်တကယ်လိုအပ်ချက်အရရော အရှေ့ဂန့်ဂေါနှင့် အနောက်ဂန့်ဂေါကို ဆက်သွယ်ပေးသည့် RC တံတားကြီးဆောက်လုပ် နေသည်မှာလည်း ပြီးစီးလုပြီဖြစ်ပါကြောင်း၊ ထိုသာလင်း-မြင်သားကြိုးတံတားက ၂၀၁၆ ခုနှစ်တွင် ရေမျောပါပျက်စီးပြီး ၂၀၁၇-၁၈ ခုနှစ်တွင်လည်း ကျေးလက်တံတားစာရင်းဝင် ဖြစ်သဖြင့် ပြန်လည်ဆောက်လုပ် မပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၈ Mini Budget တွင်လည်း ပါဝင်ခဲ့ခြင်း မရှိပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက်တွင် မူလကမရှိသေးသည့်လမ်း၊ တံတားများကိုပင် အမှန်တကယ်လိုအပ်ပါက အသစ်တည်ဆောက်ပေးနေပါကြောင်း၊ ၎င်းတံတားသည် မူလက မဖြစ်မနေလိုအပ်သဖြင့် ပြည်သူတို့က ၎င်းတို့၏ငွေဖြင့် လွန်ခဲ့သော ၁၂ နှစ်ကပင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပျက်စီးသွားချိန်တွင်လည်း အ‌ခြေအနေအရ ပြန်လည်လုပ်ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ယခုလို တံတားမရှိသဖြင့် အခက်အခဲကြုံတွေ့နေချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တစ်နှစ်လျှင် သိန်း ၂၀ ဖြင့် ကူးတို့လိုင်စင်ချထားပေးသည့်အတွက် ဆိုင်ကယ်တစ်စီနှင့် လူတစ်ယောက်ကို တစ်ခေါက်လျှင် ၁၅၀၀ နှုန်းပေးပြီး တစ်နှစ်ကိုခြောက်လခန့် မြစ်ကိုဖြတ်ကူး နေကြရပါကြောင်း၊ နေ့စဉ်နေ့စဉ် ကူးတို့ခ တစ်သိန်းခွဲနှင့် နှစ်သိန်းကြား ကုန်ကျနေကြပါကြောင်း၊ ထို့အပြင် မကျန်းမာသည့် လူနာများနှင့် ကျောင်းသား/သူများ မတော်တဆအန္တရာယ်ရှိခဲ့ပါက မူလရှိသည်ကို ပြန်လည်တည်ဆောက်မပေးရ ကောင်းလားဟု အပြစ်တင်စရာဖြစ်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုလာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် သာလင်း-မြင်သား မြစ်သာမြစ်ကူးတံတားအဖြစ် ဘေလီ သို့မဟုတ် RC တံတားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။