(က)-အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထည်ချုပ်စက်မှုဇုန်များ(Garment Industry Zone) ၊ ချည်မျှင်နှင့်အထည်အလိပ်စက်မှုဇုန်များ(Textile Industry Zone)များ တည်ထောင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
လုပ်သားအင်အားအခြေပြုသည့် ကုန်ထုတ်လုပ်ငန်းများ၊ Labour Intensive Industry များမှ အလားအလာအကောင်းဆုံးက အထည်အလိပ်လုပ်ငန်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းနှင့် ချည်မျှင်နှင့်အထည် လုပ်ငန်းများဖြစ်ကြပါကြောင်း၊ အရင်းအနှီးနှင့်နည်းပညာ လိုအပ်ချက်နည်းပါးပြီး လုပ်သားအင်အား အခြေပြုရသည့်အတွက် လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်နှင့် စွမ်းဆောင်ရည် ကိုက်ညီသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ လက်ရှိ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ကျော်ရှိပြီး ပြည်ပပို့ကုန်အနေဖြင့် CMP လက်ခစားစနစ်ဖြင့် ချုပ်ထည်များတင်ပို့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိရာကနေ ၂၀၁၇-၁၈ ခုနှစ်တွင် သုံးဘီလီယံအထိ တိုးတက်ရရှိလာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ယခုလက်ရှိ ၂၀၁၈ ခုနှစ် မေလနှင့်ဧပြီလအတွင်း နှစ်လပို့ကုန်တန်ဖိုး ၂.၄ ဘီလီယံရှိရတွင် CMP စနစ်နှင့်ချုပ်ပြီး အထည်တင်ပို့မှုက ၅၃၈ သန်း အများဆုံးတင်ပို့နိုင်ခဲ့ပါကြောင်း၊ လက်ရှိပို့ကုန်တန်ဖိုး၏ ပထမနေရာတွင် ရှိနေပါကြောင်း၊ လုပ်သားအင်အား ၃၈၀၀၀၀ ကျော် အလုပ်ပေးထားနိုင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အထည်ချုပ် စက်ရုံပေါင်း ၁၅၀၀၊ ပို့ကုန်တန်ဖိုး ၁၀ ဘီလီယံနှင့် အလုပ်သမား ၁၀ သိန်းခန့် အလုပ်ပေးနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ သို့သော်လည်း ၎င်းပမာဏက အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံက ၂.၂ ဘီလီယံ၊ ကမ္ဘောဒီးယားနိုင်ငံက ခြောက်ဘီလီယံ၊ ဗီယက်နမ်နိုင်ငံက ၂၈ ဘီလီယံတင်ပို့နိုင်ခဲ့ပါကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် အထည်ချုပ် အလုပ်သမားပေါင်း နှစ်သန်းခွဲခန့်နှင့် အထည်ချုပ်စက်ရုံပေါင်း ၆၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းနေရာတွင် အထည်ချုပ်လုပ်ငန်းများသည် လုပ်အားခဈေးပေါသည့် တိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသည်မှာ ပိုများပါကြောင်း၊ ထိုင်းတွင် အနိမ့်ဆုံးလုပ်ခကို အမေရိကန်ဒေါ်လာ ၂၅၀၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင် တစ်လကို ဒေါ်လာ ၁၅၀၊ မြန်မာနိုင်ငံတွင် ဒေါ်လာ ၇၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၄၅ ဒေါ်လာရှိပါကြောင်း၊ အာရှတွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးလျှင် လုပ်အားခ အနည်းဆုံး နိုင်ငံဖြစ်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်း၏ သဘောသဘာဝအရ လုပ်အားခနည်းလေ အမြတ်အစွန်းရလေ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုကြပါကြောင်း၊ အစိုးရက အလုပ်သမားများရရှိမည့် အခွင့်အရေးများ၊ စက်ရုံကလိုက်နာရမည့် လူမှုကျင့်ဝတ်စံချိန်းစံညွှန်းများ ကြပ်မတ်ပေးရန် လိုအပ်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းများသည် လုပ်သားအင်အားပေါများသည့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် အခက်အခဲအတားအဆီး ဖြစ်နေခြင်းကို ဖယ်ရှားပေးရပါမည်ဖြစ်ပါကြောင်း၊ ဘဏ်ဝန်ဆောင်မှု (Banking Facility) ကောင်းအောင်လည်း လုပ်ပေးရပါမည်၊ စာရွက်စာတမ်းကိစ္စများ၊ ရုံးလုပ်ငန်းများ၊ ဆိပ်ကမ်းရှင်းလင်းရေးများ၊ ပို့ကုန်မူဝါဒများကို အလွယ်ကူဆုံး၊ အဆင်ပြေဆုံး ဆောင်ရွက်ပေးရပါမည်၊ နိုင်ငံတကာနှင့် ပြိုင်နေသည့်အခြေအနေမျိုးတွင် ကိုယ့်နိုင်ငံ၏ အားသာချက်များ ရှိလာအောင် ဆောင်ရွက်ပေးရပါမည်၊ တကယ်လုပ်ငန်းလုပ်ကိုင်သူများကို ဆိပ်ကမ်းနှင့်နီးသည့် နေရာများတွင် Garment Industry Zone များ တည်ဆောက်ပြီး မြေနေရာပေးရပါမည်၊ Infrastructure နှင့် Power Sources ပြည့်စုံအောင် ဆောင်ရွက်ပေးရပါမည်။
အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံတွင် အဆင်ပြေချောမွေ့စွာ ဝင်ရောက်လာလျှင် လုပ်သား အင်အားနှစ်သန်းခန့်ထိ အလုပ်ပေးနိုင်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ထိ ရရှိနိုင်ပါကြောင်း၊ ၎င်းပမာဏက GDP ၏ သုံးပုံတစ်ပုံရှိပြီး လုပ်ငန်းနှင့်ဆက်စပ်သည့် ကြယ်သီး၊ အပ်၊ အပ်ချည်လုံးများ ထုတ်လုပ်သည့် Supporting Industry အနေဖြင့် SME များပါ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နောက်ထပ် ချည်မျှင်နှင့် အထည်စက်ရုံများလည်း ချိတ်ဆက် နိုင်ပါကြောင်း၊ လက်ရှိနိုင်ငံပိုင်အထည်အလိပ် စက်ရုံ ၁၃ ရုံရှိပြီး ဝါကြိတ်၊ ချည်ထုတ်၊ ပိတ်ယက်၊ ဆေးဆိုးလုပ်နေသည့် စက်ရုံများရှိပါကြောင်း၊ ၎င်းစက်ရုံများနှင့်လည်း ပုဂ္ဂလိကပူးပေါင်းပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး CMP စနစ်မှ FOB စနစ်အထိ တက်လှမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
လက်ရှိအထည်ချုပ် စက်ရုံများ၏ အဓိကပြဿနာက စက်ရုံတည်ဆောက်ရန် မြေနေရာအတွက် မြေဈေးကြီးလွန်းခြင်းနှင့် စက်ရုံငှားရမ်းခများ ဈေးနှုန်းမြင့်မားခြင်းတို့ ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍကြီး (၁၁) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုး စေရန်အတွက် Garment Industry Zone များ၊ Textile Industry Zone များ တည်ထောင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။