(ခ)-ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမှန်တကယ် နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူ တောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမည်လွဲမှားရရှိသူများထံမှ ငွေများကို အမှန်တကယ် နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်များ၌ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် အချိန်အခါမဟုတ် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် တောင်သူ ၅၆၀၃ ဦးတို့၏ စပါး၊ မြေပဲနှင့် အခြားသီးနှံများ စုစုပေါင်း ၁၁၉၆၅ ဧက ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ အထက်ပါဖြစ်ရပ်ကြောင့် နစ်နာသောတောင်သူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀-၆-၂၀၁၆ ရက် အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆) တွင် စိစစ်ဆွေးနွေးခဲ့ပြီး ၂၂-၇-၂၀၁၆ ရက် အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၆) အရ ကျပ်ငွေသန်းပေါင်း ၆၉၂.၁၄၈ ကို နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ခွင့်ပြုပေးခဲ့ပြီး ၃၀-၈-၂၀၁၆ ရက်နေ့ (အင်္ဂါနေ့) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါကြောင်း၊ ဖော်ပြပါထောက်ပံ့ကြေးပေးရာတွင် ဆောင်းမြေပဲ တစ်ဧကလျင် ၇၂၀၀၀ ကျပ်နှုန်း၊ နွေစပါးတစ်ဧကလျှင် ၃၉၀၀၀ ကျပ်နှုန်း၊ နေကြာတစ်ဧကလျှင် ၂၆၀၀၀ ကျပ်နှုန်း၊ ဟင်းသီးဟင်းရွက်တစ်ဧကလျှင် ၂၈၀၀၀ ကျပ်နှုန်းနှင့် ဖူးစားပြောင်းတစ်ဧကလျှင် ၂၈၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပေးခဲ့ပါကြောင်း၊
၂၀၁၆ ခုနှစ်က ထောက်ပံ့ကြေးရရှိသည့် ကျေးရွာအုပ်စုများနှင့် ရရှိသည့်ငွေပမာဏများမှာ ကျေးရွာအုပ်စု ၁၅ အုပ်စုအတွက် စုစုပေါင်း ၆၇၆. ၃၅ သိန်းကျပ်ရရှိခြင်းအပေါ် ညောင်ပင်သာ၊ ဒိုးပင်၊ အင်ဒေါင်းရွာနှင့် ကြက်တကောင်ကျေးရွာအုပ်စုလေးခုတွင် မေးခွန်းတွင်ပါသည့် လွဲမှားမှုများ ဖြစ်ခဲ့ခြင်းကို တွေ့ရှိရပါကြောင်း၊ မေးခွန်းတင်ခဲ့စဉ်က လေးရွာအနက် ငွေကြေးပမာဏ ၁၆၂ သိန်းရရှိသည့် ကြက်တကောင် ကျေးရွာဖြစ်ပါကြောင်း၊ ယခုဖော်ပြပါကိစ္စဖြစ်ပွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားရာ ကျေးရွာလေးအုပ်စုအတွက် စုံခုံများဖွဲ့ပြီး စစ်ဆေးသည့်အခါ သက်ဆိုင်ရာခရိုင်၊ တိုင်းအဆင့်ဆင့် တင်ပြခဲ့ရာ ၂၀၁၇ ခုနှစ်ကုန်သည်အထိ တစ်စုံတရာ တုံ့ပြန်မှုမရှိခဲ့ခြင်းကြောင့် ယခုလို မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မိမိပြောလိုသည်မှာ ဒီလိုထောက်ပံ့ကြေးပေးသည်ဆိုသည်မှာ မိမိတို့ ခန့်မှန်းမိသည်မှာ ပထမဆုံးရသည့် တောင်သူများ၏ နစ်နာကြေး ဖြစ်ပါကြောင်း၊ ယခုလိုနိုင်ငံတော်မှ နစ်နာဆုံးရှုံးသည့် တောင်သူများအပေါ် စေတနာထားပြီး ပေးသည့်ငွေကြေးကို ကာယကံရှင်များဆီ ဆုံးရှုံးမှု ဧကအလိုက် လက်ရောက်ပေးအပ်မှု တာဝန်သည်ကဏ္ဍအလိုက် တာဝန်ယူကြသည့် သက်ဆိုင်ရာ တာဝန်ရှိသူ၊ ဌာနဆိုင်ရာများ၏ အထူးတာဝန်တစ်ရပ် ဖြစ်သည်ဆိုခြင်းအပေါ် ခွဲဝေသည့် နေရာတွင် စပါးစိုက်သူက မြေပဲအတွက်ရခြင်း၊ မြေပဲစိုက်သူက စပါးအတွက်ရခြင်း၊ လူနာမည်ထပ်ခြင်း၊ အဖေနာမည်မပါခြင်းကြောင့် ခွဲဝေမခြင်းနှင့် ပုံပျက်ပန်းပျက် ဖြစ်ခဲ့သည့်အတွက် တာဝန်ရှိ စိုက်ပျိုးရေးနှင့် မြေစာရင်းဦးစီးဌာနနှစ်ခုနှင့် မည်သည့်ကျေးရွာအုပ်စုက မည်သည့်ကွင်းအမှတ်တွင် မည်သည့်သီးနှံ၊ မည်မျှဧက ပျက်စီးပါသည်ဆိုသည့် စာရင်းဇယားကောက်ယူရန် တာဝန်သည် အဓိကအရေးပါသည့် မြေစာရင်းဦးစီးဌာန ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကျေး/လယ်စီ၏ အကူအညီဖြင့် အမှန်စာရင်း ကောက်ယူရမည်ကို ယခင်ကဲ့သို့ စာရွက်ပေါ် ရေးလိုက်လျှင် ပြီးသားမည်ဆိုသည့် အတွေးများနှင့် သက်ဆိုင်ရာနယ်ကို မဆင်းဘဲ ဌာနတွင်ရှိသည့် မြေစာရင်းပုံစံ ၄၆ ကို အခြေခံပြီးစာရင်းပြုစုသည့်အတွက် အမှန်တကယ် နစ်မြုပ်ဧကအတွက် များစွာလျော့နည်းပြီး ထောက်ပံ့ငွေရရှိပါကြောင်း၊ ထို့ကြောင့် အမှန်တကယ် နစ်မြုပ်သူမဟုတ်ဘဲ မည်သည့်အတွက်မျှ ထိခိုက်နစ်နာမှု မရှိသူများ စာရင်းထဲပါသွားခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စများသည်လည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက မိမိကျေးရွာအတွင်းက ရာအိမ်မှူး၊ ဆယ်အိမ်မှူးကတစ်ဆင့် ရေနစ်မြုပ်စာရင်းထဲ ပါ/မပါကို သိနိုင်ခြင်းသာ ဖြစ်ပါကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သော ကြက်တကောင်ကျေးရွာတွင် ထောက်ပံ့ကြေးပေးသည့်နေ့ အရင်ဆုံး နာမည်စာရင်း ခေါ်ပေးနေကတည်းက သက်ဆိုင်ရာဝန်ထမ်းကို တောင်သူအမျိုးသမီးတစ်ဦးက ယခုပေးနေသည့် သူများသည် ရေနစ်မြုပ်ထဲမပါသည့်အကြောင်း ပြောသော်လည်း ဂရုမစိုက်ဘဲ ဆက်လက်ပေးသည့်အတွက် အကျိုးဆက်က မိမိတို့ပြောနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကို မိမိတို့ရာထူး နေရာအလိုက် မည်မျှတာဝန်ကြီးလေး အရေးပါသည်ကို သက်ဆိုင်ရာဌာနများကို သိစေ လိုပါကြောင်း၊ နောက်ဆုံး သက်ဆိုင်ရာဝန်ထမ်းများကို နေရာပြောင်းရွှေ့ထမ်းဆောင် စေခဲ့ပါကြောင်း၊ ၎င်းပြဿနာသည် အဖြေမဟုတ်ဘဲ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၏ မူလဦးတည်ရည်ရွယ်သည့် ရေကြီးနစ်မြုပ်တောင်သူများကို ထောက်ပံ့ကြေးငွေ လက်ရောက်ပေးနိုင်ရန် မေးခွန်းပါအတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။