(စ)-အင်းတော်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား မြေအသုံးချမှုလယ (၃၀) ကို လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

ငါးမွေးတောင်သူများအတွက် လိုအပ်နေသည့် နည်းပညာအရင်းအနှီး၊ အထောက်အပံ့များကို နိုင်ငံတော်ကပေးအပ်နေသည့်နေရာတွင် ဥပဒေနှင့်အညီ ငါးမွေးတောင်သူများ စနစ်တကျရယူပြီး တောင်သူများ၏လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် မေးခွန်းမေးမြန်းမည် ဖြစ်ပါကြောင်း၊

မိမိမေးခွန်းနှင့် ဆင်တူသောမေးခွန်းများကို ကြယ်ပွင်‌့ပြသာမက၊ ကြယ်ပွင်‌့မပြပါ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာနက အနည်းဆုံးသုံးကြိမ်ထက်မနည်း ဖြေကြားသွားပြီး ဖြစ်ပါကြောင်း၊ မိမိက လယ (၃၀) ကိုလွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးရေးကို အဓိကထား မေးမြန်းမည်ဖြစ်ပါ ကြောင်း၊ ငါးမွေးတောင်သူများ၏ မြေအသုံးချမှုလယ(၃၀)ကို လျှောက်ထားကြရာတွင်  လယ်‌မြေကို အခြားနည်းအသုံးပြုခွင်‌့လျှောက်ထားခြင်း၊ လယ်မြေမှတစ်ပါး အခြားလယ်ယာမြေများကို အသုံးပြုခွင်‌့ လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအသုံးပြုခြင်းအတွက် လျှောက်ထားခြင်းတို့ကို ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဥပဒေများကို ငါးမွေးတောင်သူများ နားလည်သိရှိ ထားကြပြီးဖြစ်ပါကြောင်း

အင်းတော်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသည် ၁၉၈၈-၈၉ ခုနှစ်ခန့်မှစပြီး ငါးများစတင် မွေးမြူခဲ့ပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးတောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ထီးချိုင့်မြို့နယ်၊ အင်ကြင်းကုန်းတွင် ငါးသားပေါက်စခန်းတစ်ခုနှင့် အခြားငါးသားပေါက်စခန်းငယ် များကို စတင်ဖွင်‌့လှစ်ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၎င်းတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ပြီး မြေအသုံးချမှု အတွက် လန (၃၉) ရရှိရန် ကသာခရိုင်၊ အေးချမ်းဖြိုးကောင်စီ၏ လမ်းညွှန်မှုနှင့် လျှောက်ထားခဲ့ သော်လည်း ယနေ့အထိ လန (၃၉) ကို မရခဲ့ပါကြောင်း၊ တောင်သူများသည် နှစ်စဉ်ရေလွှမ်း၊ ရေမြုပ်ပြီး စိုက်ပျိုးမရသည့် မြေယာများ၊ လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် လျှိုမြောင်များပိတ်ခြင်းဖြင်‌့ ရလာသည့် မြေများပေါ်တွင် တိုးချဲ့ပြီး မြို့နယ်အလှမ်းကွာဝေးသည့် ကျေးလက်များတွင် ငါးမွေးမြူခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ငါးမွေး တောင်သူများသည် ယာယီ လိုင်စင်များဖြင်‌့သာ ရပ်တည်ကြရသည့်အတွက် တရားမဝင်မွေးမြူရေး သမားများအဖြစ် သိမ်ငယ်ကြ ရပါကြောင်း၊ ယခုအခါ လန (၃၉) မဟုတ်တော့ဘဲ လယ (၃၀) အဖြစ် လျှောက်ထားကြရပါကြောင်း၊ လယ်မြေခွင်‌့ပြုမိန့်မရဘဲ အခြားနည်းအသုံးကိစ္စရပ်များအတွက် နည်းဥပ‌ဒေများနှင်‌့အညီ သတ်မှတ် ဒဏ်ကြေးကို ကျပ် ၁၀ သိန်းထက်မနည်း သတ်မှတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ညွှန်ကြားထားပါကြောင်း၊

တစ်ဧကလျှင် ဒဏ်ကြေး ၁၀ သိန်းထက်မနည်းဆိုသည်မှာ ကျေးလက်နေ တောင်သူများအတွက် အလွန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် အင်းတော်မြို့နယ်တွင် ငါးမွေး တောင်သူ ၁၃၉ ဦး၊ မြေဧက ၃၇၅.၅၅ ဧကပေါ်တွင် ငါးကန်ပေါင်း ၃၂၈ ကန်အတွက် လယ (၃၀) ရရှိ ရေးသည် အလွန်ခက်ခဲနေပါ ကြောင်း၊ ထို့ကြောင့် မိမိအကြံတစ်ခုပြုချင်သည်မှာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲများ၊ စီမံခန့်ခွဲမှုနှင့် ငါးမွေးတောင်သူများကို ၁၉၈၈-၁၉၈၉ ခုနှစ်ကာလများမှ စတင်တည်ထောင်ပါက ဒဏ်ကြေးငွေလျှော့ချခြင်း၊ မြေအသုံးချမှုခွင်‌့ပြုခြင်းများကို သတ်မှတ်ရက် အတွင်း စနစ်တကျခွင်‌့ပြုပေးနိုင်ရန် စီမံချက်များချပြီး လုပ်ဆောင်ပေးမည်ဆိုလျှင် ငါးမွေးတောင်သူ များ ဝမ်းမြောက်ဝမ်းသာနှင့် လျှောက်ထားလာမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကငါးမွေးခြင်းများကို စနစ်တကျမြှင်‌့တင်ပေးမည်ဆိုလျှင်  တိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ ဖြည်‌့ဆည်းပေးပြီး စီးပွားဖြစ် ငါးလုပ်ငန်းများကိုအမီပြု၍ ငါးစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးသားပေါက် လုပ်ငန်းများ၊ ငါးမှ တန်ဖိုးမြှင်‌့ထုတ်ကုန်စက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းမှ အလုပ်အကိုင် အခွင်‌့အလမ်း များပြားလာပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တစ်ပိုင်တစ်နိုင် မှ စီးပွားဖြစ် ငါးမွေးတောင်သူများအတွက် အခွင်‌့အရေးများ၊ ပိုင်ဆိုင်မှုများ စနစ်တကျမှန်ကန်စွာရရှိရေး နှင်‌့ တိုင်းဒေသကြီး၏ အခွန်အခဝင်ငွေများ ပိုမိုတိုးတက်စေရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊