(င) အားကစားကွင်းအဆင့်မြှင့်တင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
မင်္ဂလာအပေါင်းနှင့်ပြည့်စုံခညောင်းပါတဲ့အချိန် အခါသမယမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား ထားတဲ့ဧည့်သည်တော်များအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေလို့ ကျွန်တော် ဦးစိုင်းထွန်းစိန်၊ မိုင်းပြင်းမဲဆန္ဒနယ်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနဲ့ အားကစားကဏ္ဍတိုးတက်မြင့်မားရေးနှင့်ပတ်သက်ပြီး မေးခွန်းတစ်ခုကို တင်ပြ မေးမြန်းလိုပါတယ်။ ကျွန်တော်တို့မြို့နယ်မှာ အားကစားဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ အားကစားကွင်းတစ်ကွင်းရှိပါတယ်။ အကျယ်အားဖြင့် ၃.၀၉၆ ဧကရှိပါတယ်။ အဲ့ဒီအားကစားကွင်းကို အမှီပြုပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအားကစားပွဲများကိုလည်းကောင်း၊ ကျောင်းသူကျောင်းသားများရဲ့ စုပေါင်းအားကစားပွဲများမှာသော်လည်းကောင်း၊ မြို့နယ်လုံးကျွတ်အားကစားပွဲအပြင် တပ်ရင်း/တပ်ဖွဲ့ များ စုပေါင်းပါဝင်တဲ့အားကစားပွဲမှာ အဲ့ဒီအားကစားကွင်းကိုအားကိုးအားထားပြုပြီး ဆောင်ရွက်ရတဲ့ အနေအထားမှာရှိပါတယ်။ မြို့နယ်အားကစားကွင်းက အချိန်ကြာမြင့်စွာတည်ရှိလာပြီး ကွင်းထိန်းရန် အခက်အခဲရှိနေပါတယ်။ နောက်ပွဲကြည့်စင်လည်းမရှိပါဘူး။ ခြံစည်းရိုးလုံခြုံကာရံမှုမရှိတဲ့အတွက် ကျွဲနွားများရဲ့စားကျက်မြေလိုဖြစ်တဲ့အခါ ကျွန်တော်တို့ကစားတဲ့အခါတိုင်းမှာ အဲ့ဒီကွင်းကိုပြုပြင်ရတဲ့ စရိတ်ကအင်မတန်မှကြီးမားများပြားလှပါတယ်။ ကျွန်တော်တို့မြို့နယ်ဟာ ဘောလုံးပြိုင်ပွဲကိုအင်မတန် မှအလေးပေးအားပေးတဲ့မြို့နယ်ဖြစ်ပါတယ်။ ဘောလုံးပွဲကျင်းပတဲ့အခါမှာမြို့နယ်လုံးကျွတ်လူကြီးသူမ ပါမကျန် အုန်းအုန်းကျွက်ကျွက်နဲ့အင်မတန်မှစည်ကားတဲ့ပွဲကြီးပမာ ကျွန်တော်တို့မြို့နယ်ဟာအားကစား ကို အင်မတန်မှစိတ်ပါဝင်စားပြီး အားပေးတဲ့မြို့နယ်လေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူ့အသံကို နာခံပြီး ပြည်သူရဲ့တင်ပြချက်အရ ကျွန်တော်တို့မြို့နယ်ရဲ့ အားကစားကွင်းကို အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိရင်မည်သည့်အချိန်မှာဆောင်ရွက်ပေးနိုင်မယ်။ အစီအစဉ်မရှိဘူးဆိုလို့ ရှိရင်လည်း ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်မှုကို မည်ကဲ့သို့ကြိုပမ်းဆောင်ရွက်ပေးရမယ်ဆိုတာကိုသိချင်တဲ့အတွက် မေးမြန်းတင်ပြ ရခြင်းဖြစ်ကြောင်းမေးမြန်းထားပါသည်။