(စ) အားကစားနည်းစနစ်မှူးခန့်ထားရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသောပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးဦးတည်ချက် လေးရပ်ထဲက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးဆိုတဲ့ ရည်မှန်းချက်ဟာ ကျန်းမာမှလည်း ပညာရည်မြင့်မားနိုင်ပြီး ပညာရည်မြင့်မားမှလည်း ကျန်းမာရေးကို အလေးထားရကောင်းမှန်းသိမှာဆိုတဲ့ အပြန်အလှန်အထောက်အကူပြုနေတဲ့ သဘောကို ဖော်ဆောင် ထားတာပါ။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃-၉-၂၀၁၁ ရက်နေ့မှာ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းရဲ့ အြခေခံပညာ ကျောင်းများတွင် အားကစားလုပ်ငန်းကို ထိထိရောက်ရောက်လက်တွေ့ဆောင်ရွက်ရေး မူတစ်ရပ် ချမှတ်ပေးရန်ဆိုတဲ့ အဆိုနဲ့ပတ်သက်ပြီး အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသော အားကစားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများကိုလည်း အားကိုးစွာနဲ့ နယ်ြမေအသီးသီးမှာ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးပါရန်နဲ့ မေတ္တာရပ်ခံအပ်ပါတယ်လို့ မှာကြားသွားပါတယ်။ ဒါကြောင့် ကျွန်မ ဒီမေးခွန်းကို မေးပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့တွင် အားကစားနည်းစနစ်မှူးကို အချိန်ပိုင်းအစမ်းခန့်အဖြစ် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ ခန့်ထားခဲ့ရာ ယနေ့အထိ ဖြစ်ပါသည်။ အမြဲတမ်းဝန်ထမ်းမဟုတ်သေးသဖြင့် လုပ်သက်အရေအတွက် အသိအမှတ်ပြုခြင်းလည်း မခံရပါ။ သို့ဖြစ်ပါ၍ အားကစားဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ဆဲ ဖြစ်သော ထိုအချိန်ပိုင်းအစမ်းခန့်အားကစားနည်းစနစ်မှူးအား အမြဲတမ်းအားကစားနည်းစနစ်မှူး အဖြစ် တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် တိုးမြှင့်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းအပ်ပါသည်။ ဥက္ကဋ္ဌကြီးရှင့်။ ထိုအားကစား နည်းစနစ်မှူးရဲ့ အားကစားဆိုင်ရာလုပ်ငန်းတာဝန်များကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ဆဲ ဆောင်ရွက်မှုများထဲမှ အချို့ကိုတင်ပြခွင့်ပြုပါရှင်။ ရန်ကုန်အားကစားသိပ္ပံကျောင်းကို ရွှေတောင်က သူ့လက်ထွက်သွေးသစ်လူငယ်လေးများကို ကူညီပို့ဆောင်ပေးခဲ့တဲ့အထဲက ကျား၊ မ ဘောလုံး ထူးချွန်သူများ၊ (၂၆) ကြိမ်ြမောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း ရွှေတံဆိပ် ရခဲ့တဲ့ မိန်းကလေး၊ စင်ကာပူ၊ တရုတ်၊ ဘန်ကောက်တို့မှာ လူငယ်ဝူရှူးတတိယ သုံးကြိမ်ရခဲ့တဲ့ ယောကျ်ားလေး၊ ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်ဂိုးသမားစသည်များ ပေါ်ထွက်ခဲ့ပါတယ်။ နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် ရွှေလက်အိတ်လက်ဝှေ့ကလပ်လည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ ရွှေတောင်မြို့နယ်မှ ရွက်ပုန်းသီးအားကစားသမားများ၊ ပါရမီရှင် အားကစားသမားများ ပေါ်ထွက်လာရေးတွင် ထိုအားကစားနည်းစနစ်မှူးသည် ဥယျာဉ်မှူးကောင်း သဖွယ်ဖြစ်ပါသောကြောင့် ထိုအားကစားနည်းစနစ်မှူးကို အမြဲတမ်းအားကစားနည်းစနစ်မှူးအဖြစ် တိုးမြှင့် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိလိုကြောင်းမေးမြန်းရခြင်းဖြစ်ပါသည်။