(ဆ) GSM / CDMA တာဝါတိုင်းလွှင့်စက်တပ်ဆင်ထားမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များနဲ့ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ၍ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့် အနေနဲ့ မဲဆန္ဒရှင်လုပ်သားပြည်သူများကိုယ်စား GSM သို့မဟုတ် CDMA တာဝါတိုင်လွှင့်စက် တပ်ဆင်မှုနှင့် ပတ်သက်သောမေးခွန်းကို မေးမြန်းမှာဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ၏မေးမြန်းချက်များကို ဖတ်ကြားတင်သွင်းခွင့် တောင်းခံအပ်ပါတယ်ခင်ဗျား။ ရှမ်းပြည်နယ် အလယ်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ မောက်မယ်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်နှင့် ဟိုမိန်းမြို့နယ်ခွဲတို့တွင် IP Star ဂြိုလ်တုဖုန်းများဖြင့် အချိန်ပိုင်းအလိုက်ဆက်သွယ်နိုင်ကြပြီး မောက်မယ်မြို့နယ်တွင် ကြိုးဖုန်းများ ခွဲဝေချထားပေးပါသော်လည်း သတ်မှတ်သော ဖုန်းအလုံးရေမပြည့်မီနိုင်သဖြင့် တပ်ဆင် နိုင်ခြင်းမရှိသေးပါဘူး။ ယခုအခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သုံးသိန်းတန်ဖုန်းများ ချပေးမည်ဟု ကြေညာထားပြီးဖြစ်သော်လည်း မည်သည့်အမျိုးအစားဖြစ်ကြောင်းနှင့် မည်သည့်အချိန် တွင်ဆက်သွယ်အသုံးပြုနိုင်မည်ကို လုပ်သားပြည်သူများမှ သေချာစွာ မသိရှိရသေးပါခင်ဗျား။ သို့ဖြစ်ပါ၍ လင်းခေးခရိုင်အတွင်းရှိ ပြည်သူလူထုများ လွယ်ကူစွာကိုင်တွယ်သုံးစွဲနိုင်မည့် GSM သို့မဟုတ် CDMA တာဝါတိုင်လွှင့်စက် တပ်ဆင်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ပြီးစီးနိုင်မည့် အချိန်ကာလများကို သိရှိလိုပါသဖြင့် ပြည်သူလူထု ကိုယ်စား ရိုသေစွာ တင်ပြမေးမြန်းထားပါသည်။