(ဇ) Phone Bill ဆောင်နိုင်သော ရုံးတစ်ရုံးဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကြယ်ပွင့်ပြမေးခွန်းအား ဖတ်ကြားတင်ပြခွင့်ပြုပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်ကြသော လုပ်သားပြည်သူများသည် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန အော်တိုတယ်လီဖုန်း အလုံး ၆၀၀ ကျော်နှင့် GSM ၊ CDMA များ ငှားရမ်းအသုံးပြုလျက်ရှိပါ တယ်။ ငှားရမ်းသုံးစွဲခများအား လစဉ် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်များရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနများသို့ သွားရောက်ပေးဆောင်ရပါတယ်။ မင်္ဂလာဒုံ မြို့နယ်တွင် Phone Bill ပေးဆောင်နိုင်သော ရုံးတစ်ရုံးဖွင့်လှစ်ပေးပါက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဖုန်း ငှားရမ်းသုံးစွဲသူပြည်သူများ အချိန်တိုအတွင်း သက်သာစွာ Phone Bill များ ပေးဆောင်နိုင်မည် ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မင်္ဂလာဒုံမြို့နယ်တွင် Phone Bill ပေးဆောင်နိုင်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရုံးတစ်ရုံးဖွင့်လှစ်ပေးပါရန် အောက်ပါကြယ်ပွင့်ပြ မေးခွန်းများ အား မေးမြန်းအပ်ပါတယ် -
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် Phone Bill ဆောင်နိုင်သော ဆက်သွယ် ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ရုံးတစ်ရုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။
(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ သည်နှင့် မေးမြန်းထားပါသည်။