(ဂ)-ဖားဆောင်းမြို့နယ် တောင်သူများ အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ထွန်ယက်နိုင်ရေးအတွက် မြို့နယ်ပိုင် လယ်ထွန်စက်ကြီးနှစ်စီး၊ လက်တွန်းထွန်စက်လေးစီးနှင့် လယ်စပါးရိတ်သိမ်းခြွေစက်များကို ချပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဖားဆောင်းမြို့နယ်တွင် မြို့နယ်လူဦး၃၃၇၆ ဦးနှင့် ကျေးလက်နေလူဦးရေ ၁၉၁၅၁ဦး ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး မြေဧရိယာ အားဖြင့် ၄၁၀၃၃၇ ဧကရှိပြီး လက်ရှိအသားတင် စိုက်ပျိုးမြေ ၁၂၅၉၇ ဧက၊ အခြားမြေ ၂၀၁၈၉ ဧက ရှိသည့်အတွက် ၎င်းမြေများကို ယခုလက်ရှိ စိုက်ပျိုးမြေထက် တိုးချဲ့ဆောင်ရွက်ရန် အခွင့်အလမ်းများ စွာရှိပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် မိုးစပါး ၃၁၅၇ ဧက၊ ဆီထွက်သီးနှံ ၄၆၇၇ ဧက၊ ပဲမျိုးစုံ ၄၆၃ ဧက၊ အစေ့ထုတ် ပြောင်းနှင့် ဖူးစားပြောင်း ၄၂၈ ဧက၊ သီးနှံပြောင်း ၁၁၅ ဧက အပါအဝင် ဟင်းသီးဟင်းရွက် ဥယျာဉ်ခြံ နှင့် ကော်ဖီသီးနှံအပါအဝင် သီးနှံစုစုပေါင်း ၁၆၈၀၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ပုဂ္ဂလိကပိုင်ထွန်စက်နှစ်စီး၊ လက်တွန်းထွန်စက် ၁၄ စီးသာရှိသည့်အတွက် လယ်ယာ လုပ်ငန်းခွင် တွင် စက်ကိရိယာအသုံးပြုမှု အလွန်နည်းပါးသည့်အပြင် ကျွဲ၊ နွားအသုံးပြုမှုတွင် လည်း ကျွဲ၊ နွားအသုံးပြုမှု ၁၆ ရှဉ်းသာရှိသည့် အတွက် ကျေးလက်နေစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သူများ အတွက် စိုက်ပျိုးမှုလွန်စွာ အားနည်းလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရာသီဖြစ်သည့် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း၊ ဆောင်းကာလများတွင် စိုက်ပျိုး မြေများထွန်ယက်မှုအတွက် အခြားမြို့နယ်များမှ အငှားလာရောက်ထွန်ယက်သည့် ပုဂ္ဂလိကစက်များ၏ တစ်ဧက ထွန်ယက်မှုအတွက် ဈေးနှုန်းများဖြစ်သည့် ထယ်တစ်ဧက ကျပ်၂၅၀၀၀၊ ထွန်တစ်ဧက ကျပ် ၂၀၀၀၀ နှုန်းဖြင့် ငှားရမ်းထွန်ယက်နေရသည့်အတွက် ဒေသခံတောင်သူများအနေဖြင့် အချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်မှုမရှိခြင်း၊ ထွန်ယက်ခ ဈေးနှုန်းမြင့်မားသည့် အတွက် သီးနှံစိုက်ပျိုးမှုများတွင် များစွာအခက်အခဲများကြုံတွေ့နေရပါကြောင်း၊ ၂၀၁၈ ခုနှစ် မိုးဦးစိုက်ပျိုး ရာသီတွင် စက်မှုလယ်ယာဦးစီးဌာန လွိုင်ကော်မြို့မှ လယ်ထွန်စက်ကြီးနှစ်စီးအား ပုဂ္ဂလိကစိုက်ပျိုးရေး လုပ်ကိုင်သူတစ်ဦးမှ ငှားရမ်းသုံးစွဲခဲ့သော်လည်း ကန်ထရိုက်စနစ်ဖြစ်သည့်အတွက် တောင်သူအများစုမှာ ငှားရမ်းရန် ခက်ခဲခြင်း၊ ငှားရမ်းသူထံမှ ပြင်ပပေါက်ဈေးနှုန်းပေးပြီး ထွန်ယက်ရခြင်းတို့အတွက်စရိတ်များ စွာ ကြီးမြင့်ခြင်းခံ နေရတာ ကိုလည်း ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးလက် နေပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ အတည်တကျ စိုက်ပျိုး နိုင်ရေးအတွက် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် လိုအပ်သော တောင်သူများ အတွက်စက်မှု လယ်ယာ ဦးစီးဌာန မှ ထွန်စက်စခန်းများဖွင့်လှစ် ထွန်ယက်ခြင်း သို့မဟုတ် မြို့နယ်ပိုင် လယ်ထွန် စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ စပါးရိတ်သိမ်း ခြွေလှေ့စက်များ ဝယ်ယူသုံးစွဲခွင့်ပြုပါရန် နှင့် မြို့နယ်ပိုင်အဖြစ် ဖားဆောင်းမြို့အတွက် ချပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။