(င)-မြစ်သားမြို့နယ် စမုံမြစ်နှင့်ပန်းလောင်မြစ်ဘေးရှိ ရွာများအတွက် နောင်တွင် ရေကြီးရေလျှံ ရေဘေးသင့်မှုမှ ကင်းဝေးစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့မြစ်သားမြို့နယ်တွင် အဓိကကျသည့် မြစ်နှစ်စင်းမှာ စမုံမြစ်နှင့်ပန်းလောင်မြစ်တို့ ဖြစ်ပါကြောင်း၊ စမုံမြစ်၏ ရေဝေရေလဲဧရိယာ၊ ရေစီးဧရိယာသည် ကျယ်ဝန်းလှပြီး မြို့နယ်ပေါင်းရှစ်ခုခန့် ပါဝင်ပါကြောင်း၊ ထိုမြို့နယ်များမှာ ရမည်းသင်း၊ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ မြစ်သားမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ ပါဝင်လျှက်ရှိပါကြောင်း၊ မိုးတွင်းကာလတွင် ထို Catchment Area က မိုးကျရေများသာမက ၎င်းမြို့နယ်တွင်ရှိသည့် ကန်များ၊ ဆည်များမှ ရေပိုထုတ်လိုက်သည့် ရေများသည် စမုံမြစ်အတွင်းသို့ ပေါင်းဆုံစီးဆင်းကြသဖြင့် စမုံမြစ်ရေလျှံ၍ မြစ်အောက်ပိုင်းတွင်ရှိသော မြစ်သားမြို့နယ်ရှိရွာများ ရေကြီးရေနစ်မြုပ်မှုဒဏ်ကို နှစ်စဉ် ခံစားရသည့်အပြင် စမုံမြစ်က အကောက်အကွေ့များလှသည့်အတွက် မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့ပါကြောင်း၊ မြစ်ကြောင်းများကောလာသည့် အတွက်ကြောင့် မိုးရာသီတွင် ရေသိုလှောင်မှု ပမာဏကျဆင်းခဲ့ပြီး ရေကောင်းမွန်စွာ မစီးဆင်းနိုင်ဘဲ မြစ်ကြောင်းတစ်လျှောက်ရှိ ရွာများရေကြီးရေ နစ်မြုပ်မှုဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ခံစားလာခဲ့ရပါကြောင်း၊ ပန်းလောင်မြစ်ပိုင်းတွင်လည်း ကင်းတားရေသောက်စနစ် တစ်စိတ်တစ်ဒေသအပိုင်းတွင် ပြဿနာ မရှိသော်လည်း စမာရေလွှဲဆည်၏ အောက်ပိုင်း ပန်းလောင်မြစ်အပိုင်းတွင် မိုးရာသီရေစွန့်ထုတ်မှု များလာပါက ရေပိုမထိန်းနိုင်သည့်အတွက် မြစ်သားမြို့ပေါ်ရှိ ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာတို့ နှစ်စဉ်ရေကြီးရေ နစ်မြုပ်မှုဒဏ်ကို ခံခဲ့ရပါကြောင်း၊ မိမိတို့မြစ်သားမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီး ရေနစ်မြုပ်မှု ဒဏ်ခံရသည့်ရွာများက လောင်းတော်ဦးကျေးရွာ၊ နွားကူးလေးကျေးရွာ၊ နွားဖြူငယ် ကျေးရွာ၊ တမာပင်ကျေးရွာ၊ အင်းစိန်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ အင်းယင်းကျေးရွာ၊ ဆင်ကြံ ကျေးရွာ၊ ယွေးကျေးရွာနှင့် ဘူတာရပ်ကွက်တို့က တစ်နှစ်တွင်တစ်ခါ၊ တချို့ကံဆိုးသည့်နှစ်များတွင်ဆို တစ်နှစ်ကို နှစ်ကြိမ်ခန့် ရေကြီးရေလျှံမှုဒဏ်ကို ခံရပါကြောင်း၊ ရေကြီးသည့်အခါတွင်လည်း ရွာထဲတွင် လူတစ်ရပ်မက လမ်းများပေါ်တွင် ရေနစ်မြုပ်မှုဒဏ်ခံရသော ရွာသူရွာသားများသည် တစ်နှစ်ကို ရေနှစ်ကြိမ်ခန့် ရေကြီးသည့်အတွက် နာလန်မထူနိုင်အောင် ဖြစ်နေကြရပါကြောင်း၊
အဆိုပါရေကြီးရေလျှံမှု ဒုက္ခများကင်းဝေးအောင် ဆောင်ရွက်မည်ဆိုပါကလည်း မြို့နယ်တစ်ခုတည်း၊ ဌာနတစ်ခုတည်းနှင့် ဆောင်ရွက်၍ရနိုင်မည်ဟု မိမိအနေဖြင့် မယူဆပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဆင်းဧရိယာတွင်ပါဝင်သော အထက်ပါ ရှစ်မြို့နယ်ရှိဆည်များ၊ ကန်များ၏ ရေအခြေအနေကို မျက်ခြေမပြတ် ကြည့်ရှုကွပ်ကဲပြီး အဆိုပါမြို့နယ်များ၏ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ကို ပူးပေါင်း၍ စနစ်တကျဟန်ချက်ညီညီ ပြင်ဆင်ကာကွယ်မှရမည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထို့အပြင် ရေကြီးရေလျှံမှုဒဏ် ကျရောက်လာပါကလည်း ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ ရွာသူရွာသားများ ညီညီညာညာဖြင့် လျင်မြန်စွာ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးစေလိုသည့်အတွက် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံရေဘေးသင့်ဒဏ်ကို ခံစားနေရသော မြစ်သားမြို့နယ် စမုံမြစ်နှင့်ပန်းလောင် မြစ်ဘေးရှိရွာများအတွက် နောင်တွင် ရေကြီးရေလျှံရေဘေး သင့်မှုမှ ကင်းဝေးစေရန် မည်သို့စီမံ ဆောင်ရွက်ပေးမည်နည်းနှင့် အဆိုပါရွာများ ရေကြီးရေလျှံ ရေဘေးသင့်မှု ဖြစ်ပေါ်ပါကလည်း မည်သို့ကူညီထောက်ပံ့ ဆောင်ရွက်ပေးမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။