(စ)-စာချုပ်စာတမ်းမှတ်ပုံတင်ရာတွင် သဘောသဘာဝချင်းကွဲပြားသည့် ရောင်းခွန်ဝယ်ခွန်များ ထမ်းဆောင် ခြင်းနှင့် မှတ်ပုံတင်ကြေးပေးသွင်းခြင်းတို့ကို သီးခြားစီပေးဆောင်စေရန် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

(စ)-စာချုပ်စာတမ်းမှတ်ပုံတင်ရာတွင် သဘောသဘာဝချင်းကွဲပြားသည့် ရောင်းခွန်ဝယ်ခွန်များ ထမ်းဆောင် ခြင်းနှင့် မှတ်ပုံတင်ကြေးပေးသွင်းခြင်းတို့ကို သီးခြားစီပေးဆောင်စေရန် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ကြေးပေးသွင်းရန်နှင့် ကျသင့်တံဆိပ်ခေါင်းတန်ဖိုးသတ်မှတ်ရာတွင် အခြေခံထားတွက်ချက် ရန် စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်း စိစစ်ရေးအဖွဲ့မှ သတ်မှတ်ပေးသည့်စံတန်ဖိုး (Guidance Value)နှင့် တွက်ချက်နည်းစနစ်များကို စာချုပ်စာတမ်းမှတ်ပုံတင်မည့်ပြည်သူများ သိရှိနိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

၁၉၀၈ ခုနှစ်၊ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ ၁၇ အရ အခုနောက်ပိုင်းပြင်ဆင်သည့် ၂၀၁၈ ခုနှစ်၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၆ အရ မှတ်ပုံမတင်မနေရစာချုပ်စာတမ်းများကို သတ်မှတ်ပြဋ္ဌာန်း ထားခြင်းရှိပါကြောင်း၊ ၎င်းစာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၏ ပကတိမူလ ရည်ရွယ်ချက်က ပြည်သူများကြား အရောင်းအဝယ်များ လုပ်ကြခြင်းနှင့် လွှဲပြောင်းမှုများလုပ်ကြခြင်းများတွင် စာချုပ်များချုပ်ကြပါကြောင်း၊ ၎င်းစာချုပ်များကို စနစ်တကျစီမံခန့်ခွဲပြီးမှ ပြည်သူများကို အကာအကွယ်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ စနစ်တကျမှတ်ပုံတင်ထားမှသာ ပိုင်ဆိုင်မှုလွှဲပြောင်းမှုများအတွက် တရားဝင်ခိုင်ခိုင်မာမာ အရေးဆိုနိုင်မည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် မြေကွက်တစ်ကွက် ဝယ်ထားသူတစ်ယောက်က မိမိ ဝယ်ထားသည့် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားမှသာ တရားဝင်ပိုင်ဆိုင်မှု လွှဲပြောင်းရယူထားသည့် အနေအထားရှိမည်ဖြစ်ပြီး ထိုမြေကွက်ကို မိမိအမည်ပေါက် ပြန်လည် လွှဲပြောင်း၍ ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တရားရုံးတွင် ပိုင်ဆိုင်ကြောင်း သက်သေခံ တင်သွင်းခွင့် စသည့်အခွင့်အရေးများကိုလည်း ရရှိမည်ဖြစ်ပါကြောင်း၊ သို့သော် နှစ်ဦးသဘောတူလက်မှတ် ရေးထိုးထားသော အရပ်စာချုပ်နှင့်ဆိုလျှင် ၎င်းအခွင့်အရေးများ မရနိုင်ပါကြောင်း၊

ပြည်သူအများစုကတော့ ပိုင်ဆိုင်မှုကို လွှဲ‌ပြောင်းကြရာတွင် အရပ်စာချုပ်‌များ Special Power, General Power များနှင့်လုပ်ကြခြင်း များပါကြောင်း၊ စာချုပ်စာတမ်းကို လုပ်ဆောင်သည့် နေရာတွင် ပွင့်လင်းမြင်သာမှု အားနည်းပြီး ငွေကုန်ကြေးကျ များပါကြောင်း၊ နောက်တစ်ချက်က စာချုပ်စာတမ်းမှတ်ပုံတင်မည်ဆိုလျှင် အခွန်တံဆိပ်ခေါင်း ဆောင်ရပါကြောင်း၊ အခွန်တံဆိပ်ခေါင်း ဆောင်ရသည့်အခါတွင်လည်း မှတ်ပုံတင်ရုံးတွင် တင်ရပါကြောင်း၊ သို့သော်လည်း အခွန်တံဆိပ်ခေါင်းကိုကျ အခွန်ရုံးကနေလုပ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတန်ဖိုးကို သတ်မှတ်သည့် နေရာတွင် တကယ့်တကယ် ငါးဦးကော်မတီဖွဲ့ပြီးမှ ထိုမြေကွက်၏ တန်ဖိုးက မည်မျှရှိသည်ဆိုသည်ကို ငါးဦးကော်မတီက ဆုံးဖြတ်ပါကြောင်း၊ ထိုမှတစ်ဆင့် အခွန်ဦးစီးမှူးမှ အခွန်တံဆိပ်ခေါင်း ရောင်းပေးရပါကြောင်း၊ တကယ့်အပြင်တွင် လက်တွေ့ဖြစ်နေသည်မှာ ထိုတံဆိပ်ခေါင်းများ မြေကွက်၏ တန်ဖိုးကို အခွန်ဦးစီးမှူးတစ်ဦးကသာ သူ့ဆုံးဖြတ်ချက်နှင့်သူ ဆုံးဖြတ်ပြီးမှ ၎င်းအခွန် တံဆိပ်ခေါင်းကို သူကိုယ်တိုင် ပြန်လည်ရောင်းချပြီးမှသာလျှင် သူကနေပြီးမှ မှတ်ပုံတင်ဦးစီးဌာနက ဦးစီးမှူးကို ပြန်လည်အကြောင်းကြားပြီးမှ မှတ်ပုံတင်ပေး၍ ရပြီဟုပြန်ပြောပါကြောင်း၊ တကယ်တမ်းကျ စာချုပ်စာတမ်း မှတ်ပုံတင်၏ အဓိကရည်ရွယ်ချက်က ပြည်သူများကို အကာအကွယ်ပေးရန် ဖြစ်သော်လည်း မိမိတို့ဘက်က ထိုက်သင့်သည့် အခွန်ဆောင်ပြီးမှ လိုအပ်သည်များကို ပြည့်မီအောင် ဆောင်ရွက်ပြီးမှသာလျှင် ပြည်သူများကို အကာအကွယ်ပေးမည်ဆိုသည့် အနေအထားမျိုး ဖြစ်နေပါကြောင်း၊ တကယ်တမ်း အခွန်ဆောင်သည်မှာ အခွန်ကောက်ဖို့က အခွန်ဦးစီးဌာနက သီးခြားဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ တစ်ဖက်က မှတ်ပုံတင်ခြင်းကလည်း ပြည်သူများအတွက် အကာအကွယ်ပေးရမည်က မှတ်ပုံတင်ရုံးက သီးခြားဆောင်ရွက်ရမည့် ကိစ္စမျိုးဖြစ်ပါကြောင်း၊ ယခုလို သဘောသဘာဝချင်း မတူသည့်ကိစ္စနှစ်ခုကို တွဲလုပ်ထားသည့်အခါ ပြည်သူများမှာ အခက်အခဲဖြစ်ပါကြောင်း၊ အခက်အခဲဖြစ်သည့်အတွက် မှတ်ပုံတင်ခြင်းမရှိဘဲ Special Power၊ General Power နှင့်လုပ်ကြရပါကြောင်း၊ ထိုအခါ Special Power နှင့်သာ ပိုင်ဆိုင်မှုရရှိထားသူ တစ်ဦးထံမှ ဝယ်ယူသူတစ်ဦးက မိမိအမည်ပေါက် လျှောက်ထားလိုသည့်အခါ မိမိကိုရောင်းချလိုက်သူထံ တာဝန်ယူမှုမရရှိနိုင်ဘဲ မူလပိုင်ရှင်၏တရားဝင် လွှဲပြောင်းမှုကို ပြန်လည်တောင်းခံရပါကြောင်း၊ Special Power နှင့် ပေးထားသည့် ကိစ္စတစ်ခုကို တရားဝင်ပိုင်ဆိုင်မှု လွှဲပြောင်း၍ မရပါကြောင်း၊ ၎င်းအတွက်ကို မူလပိုင်ရှင်ထံက ပိုင်ဆိုင်မှုကို ပြန်လည်ပြီးမှ Confirm  ပြန်လုပ်ရပါကြောင်း၊ ထိုအခါမှာ မူလပိုင်ရှင်က မရှိတော့ပါကြောင်း၊ ဒါမှမဟုတ် ဆုံးပါးသွားပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ စာချုပ်စာတမ်းမှတ်ပုံတင်ရာတွင် သဘောသဘာဝချင်း ကွဲပြားသည့် ရောင်းကုန်ဝယ်ကုန်များ ထမ်းဆောင်ခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သီးခြားဆောင်ရွက်ပေးရန်နှင့် ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မှတ်ပုံတင်ကြေး ပေးသွင်းရန်နှင့် ကျသင့်အခွန်တံဆိပ်ခေါင်းသတ်မှတ်ရာတွင် အခြေခံထားတွက်ချက်ရန် စာချုပ်စာတမ်း မှတ်ပုံတင် လုပ်ငန်းစိစစ်ရေးအဖွဲ့က သတ်မှတ်ထားသည့် စံတန်ဖိုး (Guidance Value) နှင့် တွက်ချက်နည်းစနစ်များကို စာချုပ်စာတမ်း မှတ်ပုံတင်သည့် ပြည်သူများ သိရှိနိုင်ရန်အတွက် ပွင့်လင်းမြင်သာစွာဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။