(က)-တံဆိပ်ခေါင်းအရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင့်ရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
(က)-တံဆိပ်ခေါင်းအရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင့်ရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ်ထားရှိနိုင်ခွင့်ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်းအမျိုးအစားများ၊ ရာသီဥတု ကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများဖြစ်ပေါ်လာသည့်အခါ အစားထိုးလဲလှယ် နိုင်ခွင့်၊ သတ်မှတ်တန်ဖိုးထက်ပိုမိုရောင်းချခြင်းမပြုနိုင်အောင် ဆောင်ရွက်သည့် ကြီးကြပ်မှုစနစ်နှင့် စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ၂၇-၇-၂၀၁၅ ရက်စွဲပါ ယခင်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာအမှတ်(၁၈၀၈/ ၂၀၁၅)၊ တံဆိပ်ခေါင်းရောင်းချခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရုံးအခွန်နှိပ်တံဆိပ်ခေါင်း၊ ရုံးအခွန်ကတ် တံဆိပ်ခေါင်းများတို့နှင့် စပ်လျဉ်းသော အရောင်းလိုင်စင် ချထားပေးမှုများကို သိရှိလိုခြင်း ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာတွင် လိုင်စင်လျှောက်ထားမှု၊ လိုင်စင်ထုတ်ပေးမှု၊ လိုင်စင်ပြန်လည်ရုပ်သိမ်းမှုများ ပါဝင်ပါကြောင်း၊ အရောင်းလိုင်စင်လျှောက်ထား လိုသူများသည် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွင် လျှောက်ထားရန်ဖြစ်ပါကြောင်း၊ လိုင်စင်သက်တမ်းနှစ်နှစ် သတ်မှတ်ထား ပြီး သက်တမ်းကာလမကုန်မီ ရက်ပေါင်း ၆၀ ကြိုတင် သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ပါကြောင်း၊
အခန်း(၃)အရ လိုင်စင်ရရှိသူ၏ တာဝန်နှင့် အကျိုးခံစားခွင့်အနေဖြင့် တန်ဖိုး၏ လေးရာခိုင်နှုန်းလျော့နှုန်းဖြင့် ခံစားခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ လိုင်စင်ရရှိသူ သေဆုံးမည်ဆိုပါက လိုင်စင်ပျက်ပယ်ပြီး ကျန်တံဆိပ် ခေါင်းများကို ပြန်လည်အပ်နှံရန်လိုအပ်သည်ဟု သိရှိရပါကြောင်း၊ တံဆိပ်ခေါင်းဟုဆိုရာတွင် အခွန် တံဆိပ်ခေါင်းနှင့် ရုံးအခွန်တံဆိပ်ခေါင်းများသိရှိသည့်အတွက် အရောင်းလိုင်စင်လျှောက်ထားလိုသူ ပြည်သူများ သိရှိနားလည်စေရန်၊ ပြင်ပတွင် တရားမဝင်တံဆိပ်ခေါင်းရောင်းချနေမှုများ သတ်မှတ် တန်ဖိုးထက် အဆများစွာဈေးတင်ရောင်းချနေမှု များနှင့် အများပြည်သူလွယ်လွယ်ကူကူ ဝယ်ယူ အသုံးပြုနိုင်ရေးရန်၊ နိုင်ငံတော်အတွက် ဝင်ငွေအကျိုးရရှိ လာစေရန် ရည်ရွယ်မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ တံဆိပ်ခေါင်းထိန်းသိမ်းရောင်းချမှုအနေဖြင့် စာရင်းမှတ်တမ်းထိန်းသိမ်းရာတွင် အခွန်ဦးစီးဌာနသည် တံဆိပ်ခေါင်း အမျိုးအစားအလိုက် Signal Lock နှင့် Double Lock စာရင်းမှတ်တမ်းများဖြင့် စနစ်တကျ မှတ်တမ်းတင်ရေးသွင်း ဆောင်ရွက်ကြရပြီး ရောင်းချရာတွင်လည်း အရောင်းမှတ်ပုံတင်စာအုပ်တွင် စနစ်တကျရေးသွင်းမှတ်တမ်းတင် ရောင်းချကြရပါကြောင်း၊
တံဆိပ်ခေါင်းရောင်းချရာတွင် ပြည်သူများအနေဖြင့် တံဆိပ်ခေါင်းဥပဒေပါ မိမိ အသုံးပြုလိုသော ကိစ္စရပ်များကို သတ်မှတ်တန်ဖိုးများနှင့်အညီ ဝယ်ယူအသုံးပြုနိုင်ကြရန်အတွက် ရောင်းချ နိုင်ရန် လိုအပ် သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အရောင်းကိုယ်စားလှယ်များအနေဖြင့် ဥပဒေနှင့်အညီ ရောင်းချသင့် သည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် တံဆိပ်ခေါင်းအမျိုးအစားများကို သေချာစွာ သိရှိနားလည်ထားရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုမှသာ အသုံးပြုသူပြည်သူများအတွက် ဥပဒေ၏ အကာအကွယ်ရရှိနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်မှလည်း ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အရောင်းမှတ်တမ်းရေးသွင်းမှုအရ ပြည်သူများအသုံးပြုမှုအပေါ် မူတည်ပြီး တခြားရသင့်သည့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များ ထပ်မံကောက်ခံ နိုင်ရန် အထောက်အကူရရှိနိုင်မည်ဖြစ်ပါကြောင်း၊
မိမိမေးမြန်းလိုသည်မှာ တံဆိပ်ခေါင်း လိုင်စင်၊ အရောင်းလိုင်စင်ချထားပေးရာတွင် ရောင်းချခွင့်ရရှိသည့် တံဆိပ်ခေါင်းအမျိုးအစားနှင့် လက်ဝယ်ထားရှိနိုင်ခွင့်ပမာဏ၊ ထိန်းသိမ်းထားရှိရမည့် စာရင်းမှတ်တမ်း အမျိုးအစားများ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ ပိုးမွှားအန္တရာယ်ကြောင့်ဖြစ်စေ ပျက်စီးမှုများအပေါ် အစားထိုး လဲလှယ်နိုင်ခွင့်၊ သတ်မှတ်တန်ဖိုးထက်ပိုမိုရောင်းချခြင်းမပြုနိုင်အောင် ဆောင်ရွက်သည့် ကြီးကြပ်မှုစနစ်နှင့် စည်းကမ်းဖောက်ဖျက်သူများ၊ တရားမဝင်ရောင်းဝယ်နေမှုများအား မည်သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။