(က)-မိုင်းယန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ လစ်လပ်နေသော အထက်တန်းအဆင်‌့ ဘာသာပြဆရာဆရာမများကို အချိန်မီခန့်ထားပေးရန်အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-26

 

ယခုနှစ်တွင် စာသင်ကျောင်းများ ဖွင်‌့လှစ်ပေးသော်လည်း စာသင်ကျောင်းအသီးသီးတွင် သင်ကြားမှုလုပ်ငန်းများ နိုးကြားတက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းနှစ်ခုလုံး အောင်မြင်နိုင်ရန်အတွက် သင်ကြားသူ၊ သင်ယူသူ၊ အဆောက်အဦများ လိုအပ်လျက်ရှိပါကြောင်း၊ တစ်ခုခုချို့ယွင်းချက်၊ အားနည်းချက်ရှိခဲ့လျှင် မိမိတို့ အောင်မြင်မှု ရရှိမည်မဟုတ်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်တွင် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်မှု အားနည်းခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်ထိ စာသင်ကျောင်းများ ဖွင်‌့လှစ်ပြီးသော်လည်း အထက်တန်းပြ ဆရာ/မနှစ်ဦးနှင်‌့ တာဝန်ခွဲဝေပြီး သင်ကြားနေရပါကြောင်း၊ ယခုလိုမျိုးပုံစံ သင်ကြားနေမည်ဆိုလျှင် လာမည့်နှစ်တွင် အောင်ချက်ကောင်းမွန်မည် မဟုတ်ပါကြောင်း၊ ငွေကြေးတတ်နိုင်သော မိဘများအနေဖြင့် မိမိသားသမီးများကို မြို့ကြီးများတွင် ပို့ဆောင်ပြီး ပညာသင်ကြားနိုင်သော်လည်း ဆင်းရဲနွမ်းပါးသော သား/သမီးများအနေဖြင့် မဖြစ်ဖြစ်သည့်နည်းနှင့် ပညာသင်ကြားနေရပါကြောင်း၊ ယခုလို ကွာဟချက်မျိုး မဖြစ်ရလေအောင် နိုင်ငံတော်အစိုးရအနေဖြင့် စီမံညွှန်ကြားကွပ်ကဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိ၏မဲဆန္ဒနယ်အတွင်းရှိ ကလေးများ အထက်တန်းပညာ တန်းတူညီမျှ သင်ကြားခွင်‌့ရရှိရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတွင် လစ်လပ်နေသော  အထက်တန်းပြဆရာ/မများနှင့် ပတ်သက်၍ အချိန်မီခန့်ပေးနိုင်ရေးအတွက် သိရှိလိုပါကြောင်း မေးမြန်းပါသည်။