(င)-ထန်တလန်မြို့နယ်ရှိ ပညာရေးမှူးရုံးအား (၁၀၀ ပေ x ၃၀ ပေ x ၂၄ ပေ) သွပ်မိုး RCC နှစ်ထပ်အသစ် ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်းဖြင့် ကျောင်းပေါင်း ၁၁၃ ကျောင်းကို နိုင်ငံတော် အစိုးရမှ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းကျောင်းများကို စီမံအုပ်ချုပ်သည့် ထန်တလန်မြို့နယ် ပညာရေးမှူးရုံးကို ၁၉၈၄-၈၅ ဘဏ္ဍာရေးနှစ်တွင် အ.ထ.က(၁)ထန်တလန်သိပ္ပံခန်းအမည်ဖြင့် အဆောက်အဦ ၃၀ ပေ x ၃၀ ပေ x ၁၂ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်အတွက် ရန်ပုံငွေ ၁၇၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦတိုးချဲ့ခြင်းကို ၃၀ ပေ x ၃၀ ပေ x ၁၂ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်အတွက် ရန်ပုံ ငွေကျပ် နှစ်သိန်းဖြင့် ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ ၎င်း အဆောက်အဦတွင် ဝန်ထမ်း ၂၈ ဦးဖြင့် ရုံးတက် ရသဖြင့် နေရာကြပ်လျက်ရှိပါကြောင်း၊ ဝန်ထမ်းဖွဲ့စည်းပုံအရ ၅၄ ဦးခန့်ထားမည်ဖြစ်ပါက နေရာအခက်အခဲ ပိုမိုကြုံတွေ့လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်ကျောင်းအုပ်များအတွက် အစည်းအဝေးခေါ်ရာတွင် နေရာမရှိခြင်း၊ ကျောင်းသုံးပရိဘောဂနှင့် စာရေးကိရိယာများ ခေတ္တထားရှိရန်နေရာ မရှိသည့်အတွက် အဆောင်သစ် ဆောက်လုပ်ပေးရန် အထူးလိုအပ်နေပါသဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ပညာရေး မှူးရုံးကို မြို့နယ်ရုံးအင်္ဂါရပ်နှင့်အညီ ၁၀၀ ပေ x ၃၀ ပေ x ၂၄ ပေ သွပ်မိုး၊ RCC နှစ်ထပ်အသစ် ဆောက်လုပ်ပေးပါရန်အတွက် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်မှစ၍ ဆောက်လုပ် ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်ပါသည်။