(စ)-ရန်ကုန်တိုင်းဒေသကြီး အ.ထ.က(ခွဲ)ခနောင်ချောင်းဝအား အ.ထ.ကကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၇-၁၈ ခုနှစ်အတွက် ဒလမြို့နယ်မှ အ.ထ.က(ခွဲ)လေးကျောင်းကို အ.ထ.ကအဖြစ် တိုးမြှင့်ရန်တင်ပြခဲ့သော်လည်း ခနောင်ချောင်းဝ၊ သပြေကုန်း၊ ရခိုင်ချောင်ရှိ အ.ထ.က(ခွဲ)သုံးခုလုံး ပယ်ချခံခဲ့ရပါကြောင်း၊ ခနောင်ချောင်းဝ ကျေးရွာသည် ခနောင်ရှမ်းစု၊ ခနောင်မီးကြိတ်စက်၊ ခနောင်ဓနိတော၊ ခနောင်တောထဲကန်၊ ခနောင်ရွာမ၊ ခနောင်အထက်စတဲ့ ခနောင်ကျေးရွာခုနစ်ရွာထဲတွင် ပါဝင်ပြီး တစ်ဖက်တွင် လယ်ကွင်းပြင်များ အလယ်၊ တစ်ဖက်တွင် ရန်ကုန်မြစ်ကမ်းပါးတွင် တည်ရှိသည့်ရွာတစ်ရွာဖြစ်ပါကြောင်း၊ ဒလမြို့ သို့မဟုတ် အနီးဆုံး အ.ထ.က နှင့် ခုနစ်မိုင်လောက်ဝေးပြီး လယ်ယာလုပ်သားများ၊ ရေလုပ်သားများ၊ ဝင်ငွေနည်းပါးမိသားစုများနေထိုင်ရာ ရွာကြီးဖြစ်ပါကြောင်း၊ ရွာနှင့် ရွာအနီးပတ်ဝန်းကျင် ခနောင်ရွာ များရှိ ကျောင်းသူကျောင်းသားများသည် မြို့ပေါ်ရှိ အ.ထ.က ကျောင်းသို့ တက်ရောက်ပညာသင်ရန် ခက်ခဲသူများဖြစ်ပါကြောင်း၊ အ.ထ.က(ခွဲ)၏ စာသင် ကျောင်းဆောင်များတွင် ရွာလူထု၏ ညီညွတ်မှု၊ ထောက်ပံ့မှု၊ ပညာရေးကို စိတ်ဝင်စားမှုကြောင့် သောက်သုံးရေပြည့်စုံမှု၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ Multi Media ခန်းများ၊ သိပ္ပံပစ္စည်းများ၊ ကျောင်းသုံး ပရိဘောဂများနှင့် ပြည့်စုံပြီး ကျောင်းသားဦးရေ ၇၀၀ ကျော် တက်ရောက်ပညာ သင်ကြားနေသည့် အ.ထ.က(ခွဲ)ကျောင်း ကြီးဖြစ်ပြီး အဋ္ဌမတန်းကို နှစ်စဉ် ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရှိနေသည့် အ.ထ.က(ခွဲ) ကျောင်းကြီးလည်းဖြစ်ပါကြောင်း၊ အ.ထ.ကအဖြစ်သို့ တရားဝင်တိုးမြှင့်ခွင့်မရသေးသည့် အတွက် ကျောင်းသားဦးရေ ၇၀ ကျော်ခန့်သည် လုပ်အားပေးဆရာ/ဆရာမများနှင့် စာသင်ကြားနေရဆဲ အခက်အခဲများဖြစ်ပေါ်နေပါကြောင်း၊ ခနောင်ကျေးရွာများနှင့် ခနောင်ချောင်းဝရှိ အခြေခံပညာ အထက်တန်းကျောင်းသားကျောင်းသူများသည် အတန်းတင်စာမေးပွဲဖြေချိန်တွင် ရွာရှိ အ.ထ.က ကျောင်း တွင် ဖြေခွင့်မရသည့်အတွက် မြို့ပေါ်သို့သွားရောက်ဖြေဆိုနေရတာလည်း နှစ်ချီနေပြီဖြစ်ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်ပြီဖြစ်ပါသဖြင့် ခနောင်ကျေးရွာ အ.ထ.က(ခွဲ) အား အ.ထ.က အဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနဲ့ ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင် ရွက်မည်နှင့် မရှိပါကမည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။