(ခ)-မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းပေါ်ရှိ ကျေးရွာချင်းဆက်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း(မြေထိန်းနံရံပါ)အဖြစ် ဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မြေပုံမြို့သည် ကျွန်းပေါင်း ၁၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော မြို့ဖြစ်ပြီး ရေလမ်းကိုသာ အားကိုးနေရ ပါကြောင်း၊ မိုးရာသီ သဘာဝရာသီဥတုဖောက်ပြန်သည့်အခါတွင် အန္တရာယ်များပါကြောင်း၊ ကတို့လှေများ နှင့် နေ့စဉ်ရက်ဆက် တစ်ဖက်ကမ်းကို ကူးနေရပါကြောင်း၊ င/မန်းရဲကျွန်းလမ်းကို ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ခဲ့သည့် ဆိပ်ခံတံတားဖြစ်ပါကြောင်း၊ သို့သော် မြေသားလမ်းများသည် လှိုင်းကာ များမပါသည့် အတွက် အကုန်လုံးပြောင်ပြီးပျက်စီးနေပါကြောင်း၊ လမ်းတစ်လျှောက်တွင်လည်း ပျက်စီးမှုပေါင်း များစွာကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အချိန်အထိ ကျောက်စီလမ်း မဖြစ်သေးသည့်အတွက် မြေသားများသည် နှစ်နှစ်မှငါးနှစ်အတွင်း ပျက်စီးသွားခြင်း၊ မြေသားပုံမမှန်မရှိခြင်း၊ ချိုင့်ခွက်များ ဖြစ်ခြင်း၊ မြေထိန်းနံရံမပါသည့်အတွက် ကမ်းစပ်များပြိုကျခြင်းများ ရှိနေပါကြောင်း၊ လိုအပ်သည့်နေရာတွင် ကျောက်စီနံရံများ ထိန်းပြီး လုပ်မည်ဆိုပါက နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ၄ ဖာလုံ၊ ၉မိုင်နှင့် ၃ ဖာလုံ ရှိသည့်လမ်းကို မနှစ်က ၄ ဖာလုံ၊ မိုင်ဝက် ကျောက်ခင်းလမ်းစီခွင့်ရခဲ့ပါကြောင်း၊ ဒီထက်တိုးပြီး လုပ်ပေးနိုင်မည်ဆိုပါက ၎င်းလမ်းသည် ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းပေါ်ရှိ ကျေးရွာချင်းဆက်လမ်းအားလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း (မြေထိန်းနံရံပါ) အဖြစ် ဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။