(စ)-လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ လမ်းဆုံ၊ မီးပွိုင့်ဧရိယာများအတွင်း ယာဉ်ရပ်နား မှုမရှိစေရန်အတွက် ယာဉ်မရပ်ရသတ်မှတ်သည့် ဆေးဖြူ၊ ဆေးနီ ကတ်တုံးများနှင့် လူသွားစြင်္ကံများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးများဖြစ်သော ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ညောင်တုန်းလမ်း၊ အနော်ရထာလမ်းမကြီးများပေါ်တွင် မြို့တွင်းသွား ယာဉ်များနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာသည့် ယာဉ်များ၊ သွားလာမှုများသော လမ်းမကြီးများ ဖြစ်ပြီး မကြာခဏယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့ နေရပါကြောင်း၊ ခရီးသွားပြည်သူများအတွက် လူသွားစြင်္ကံများမရှိသောကြောင့် ကားလမ်းမပေါ်တွင် လမ်းလျှောက်နေရသည့်အတွက် ယာဉ်အန္တရာယ်များဖြစ်စေပါကြောင်း၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် အဓိကလမ်းမကြီးများဖြစ်သော ပုသိမ်လမ်း၊ ညောင်တုန်းလမ်း၊ အနော်ရထာလမ်းစသည့်လမ်းမကြီးများတွင် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ် စေရန်အတွက် လမ်းမကြီးများဘေးဘယ်၊ ညာ၊ လမ်းဆုံ၊ မီးပွိုင့် ဧရိယာများတွင် ယာဉ်ရပ်နားမှု မရှိစေရန်နှင့် သတ်မှတ်ထားသည့်နေရာများတွင်သာ ယာဉ်ရပ်နားစေရန်အတွက် ယာဉ်မရပ်ရ သတ်မှတ်သည့် ဆေးဖြူ/နီကတ်တုံးများ သတ်မှတ်ချထားပေးခြင်း၊ ခြေလျင်သွား ခရီးသွားပြည်သူများ အတွက် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လမ်းမကြီးများ ဘေးဘယ်၊ ညာတွင် လူသွားစြင်္ကံပလက်ဖောင်းများတည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုသိလိုပါကြောင်း မေးမြန်းပါသည်။