(ဃ)-တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည့်နေသော နေအိမ်လိုင်းခန်းအဆောက်အဦများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ကုတ်မြို့၏ လူဦးရေသည် ၁၄၀၀၀၀ ကျော်ရှိပြီး တဖြည်းဖြည်းလူဦးရေ ထူထပ်လာသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထိုသို့လူဦးရေထူထပ် လာသည့်အတွက် မြို့နယ်၏လုံခြုံရေးကို ၂၄ နာရီ တာဝန်ယူထားရသော ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ရှိရန် အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်နေရာတွင် ၎င်းတို့၏ မိသားစု လုံခြုံရေးကို စိတ်ချလက်ချထားပြီး နိုင်ငံ့တာဝန်များကို ကျေပွန်စွာလုပ်ဆောင် နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ၂၄ နာရီတာဝန်ယူနေရသော ပြည်သူ့ရဲဝန်ထမ်းများသည် ရဲတပ်ဖွဲ့တစ်ခုတွင် ရှိရမည့် ရဲတပ်ဖွဲ့ဝင် ဖွဲ့စည်းပုံအင်အား ပြည့်မီအောင် မခန့်ထားနိုင်ခြင်းက တစ်ကြောင်း၊ နေမှုထိုင်မှု အဆင်မပြေမှုကတစ်ကြောင်း ပင်ပန်းလျက်ရှိကြပါကြောင်း၊ ယခုလက်ရှိ တောင်ကုတ်မြို့မရဲစခန်းရှိ ဝန်ထမ်းလိုင်းခန်းအိမ်ရာများတွင် အမိုးအကာ၊ တိုင်အောက်ခြေများ ဆွေးမြည့်ပျက်စီးနေပြီး အဖာအထေးများဖြင့်လူမြင်မကောင်းအောင် ဆိုးဝါးနေပါကြောင်း၊
အဆိုပါ အဆောက်အဦများသည် ၁၉၄၀ ခုနှစ် နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် အဆောက်အဦများ ဖြစ်သည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေသော အဆောက်အဦများလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများအတွက် တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည့်နေသော နေအိမ်လိုင်းခန်း အဆောက်အဦများကို အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။