(င)-တမူးမြို့နယ်အတွင်းရှိ ကျေးလက်နေမြေယာမဲ့ ပြည်သူများနေထိုင်ရန် မြေနေရာခွင့်ပြုချထားပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တမူးခရိုင်အတွင်း တိုးပွားလာသည့် ကျေးလက်နေပြည်သူများ နေထိုင်ရန်အိမ်ယာမြေ ဖော်ထုတ်ပေးရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင်ရှိသည့် တခြားကျေးရွာများမှလည်း အလားတူအခက်အခဲများ ရှိမည်ဟု မိမိမှထင်မြင်မိပါကြောင်း၊ ကျေးလက်နေတိုးပွားလာသည့် လူဦးရေနှင့်တိုးချဲ့လာရသည့် အိမ်၊ ခြံ၊ မြေနေရာများကြောင့် ကျေးလက်နေပြည်သူအများစုသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေအရ ပြစ်မှုကျူးလွန်သူများအဖြစ် အလိုလိုရောက်ရှိနေပါကြောင်း၊ နိုင်ငံတော်မှ ကျေးရွာတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အသစ်ရေးဆွဲခြင်း သို့မဟုတ် ကျေးလက်နေ ပြည်သူများအတွက် မြေယာဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့်မေရိုင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေနေရာစီမံသတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှိနေသော်လည်း မိမိဒေသတွင် ကျေးရွာများကို အိမ်မြေနေရာ ဖော်ထုတ်ပေးနိုင်ခဲ့သည်ကို မတွေ့ရပါကြောင်း၊ ပြည်သူအများစုက အဆင်ပြေသလို ခုတ်ထွင်ရှင်းလင်းနေထိုင်ရင်း သက်ဆိုင်ရာ ဌာနကလည်းတားမြစ်ရင်း အချိန်ကြာလာသည်နှင့်အမျှ အတည်ကဲ့သို့ဖြစ်လာပြီး နေထိုင်သွားကြခြင်းတို့ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အထောက်အထားမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်နေထိုင်ခွင့် ရရှိအောင် အစိုးရမှစနစ်တကျ ဖော်ဆောင်ပေး သင့်ပါကြောင်း၊ သို့မှသာ စနစ်ကျသည့် အိမ်မြေနေရာများနှင့် ကျေးလက်နေပြည်သူများ နေထိုင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းလိုသည်မှာ တမူးမြို့နယ်အတွင်းရှိ ကျေးလက်နေမြေယာမဲ့ပြည်သူများ နေထိုင်ရန်မြေနေရာ ခွင့်ပြုချထားနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။