(စ)-လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအတွက် မြေငှားဂရန်ထုတ်ပေးရေးနှင့်ပတ်သက်၍ ဂရန်ပေးရေးစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-26

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်သည် ၆-၃-၁၉၇၉ ရက်နေ့တွင် မီးလောင်ကျွမ်းခံ ခဲ့ရပါကြောင်း၊ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခက ၎င်းရပ်ကွက်ကို သက်ဆိုင်ရာဌာနဆိုင်ရာများက မည်သည်‌့စီမံကိန်းမျှ ဆောင်ရွက်ရန်မရှိသဖြင့် ၎င်း၏မဲဆန္ဒရှင်များကို ပြန်လည်နေရာချထားပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ အဆိုပါညွှန်ကြားချက်နှင့်အတူ မြို့နယ်ပြည်သူ့ ကောင်စီ၊ မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်‌ ပြည်သူ့အင်အား ဦးစီးဌာနတို့မှ လမ်းနယ်များစနစ်တကျ ရေးဆွဲဖော်ထုတ်ပြီး (၂၃ ပေ x  ပေ ၄၀) အကျယ်ရှိ မြေကွက်များကို ပြန်လည် နေရာချထားပေးခဲ့ပါသော်လည်း မြေဂရန်ပါမစ်ထုတ်ပေးရန် ကျန်ရှိနေပါသဖြင့် မြေဂရန်ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ၂၄-၉-၂၀၁၃ ရက်နေ့တွင် လှိုင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ရာတွင် စည်ပင်သာယာရေးဝန်ကြီးမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက် ပြည်သူများအတွက် နှစ် ၆၀ ဂရန်ချထားပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄) သို့တင်ပြခဲ့ရာ ၃-၄-၂၀၁၄ ရက်နေ့တွင် ဆုံးဖြတ်ချက် အပိုဒ် ၂၇ အရ မူအားဖြင့် သဘောတူခဲ့ပါကြောင်း၊ အဆိုပါမြေကွက်ပေါ်နေထိုင်သူများမှ ‌မြေဂရန်ရရှိရေး လျှောက်ထားလာမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၅) ဆုံးဖြတ်ချက် အပိုဒ် ၈ အရ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးကော်မတီမှ မြေဂရန်ရရှိရေး ဆက်လက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရည်ညွှန်း (၁) ပါစာဖြင့် လွှဲပြောင်းပေးအပ်သော မြေတိုင်းမြေကွက် အမှတ် (၁၃/ကမာရွတ်) အမည်ဖြင့် မြေကွက် ၂၁ ကွက်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမည်ပေါက်မြေကွက် ၁၇ ကွက် စုစုပေါင်းမြေကွက် ၃၈ ကွက်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၃၀၀ ခန့်ကို နှစ် ၆၀ မြေဂရန်ချထားပေးရေး၊ Block Map ရေးဆွဲ ရေး၊ မြေပေါ်နေထိုင်ပိုင်ဆိုင်သူများ၏ စာရင်းကို အတည်ပြုခြင်း၊ ဂရန်ပေးရေးစီမံချက်အဖွဲ့ကို အတည်ပြုခြင်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ၂၉-၁၀-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ရာတွင် ၃၀-၁၁-၂၀၁၇ ရက်နေ့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄၂/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၃၂ အရ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုမှ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါကြောင်း၊ ဂရန်ပေးရေးစီမံချက်အတိုင်း ဆောင်ရွက်မှုရပ်ဆိုင်း သွားခဲ့ပါကြောင်း၊ လှိုင်မြို့နယ်အမှတ် (၁) ရပ်ကွက်သည် ၁၉၇၉ ခုနှစ်ကတည်းက စနစ်တကျနေရာချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြေဂရန်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်လည်း စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကတိပြုဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ သိမ်းဆည်းခံမြေလည်း မဟုတ်ပါကြောင်း၊ ဘာမှပတ်သက်ခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူများအတွက် နှစ် ၆၀ မြေဂရန် ထုတ်ပေးရေးနှင့်ပတ်သက်၍ ဂရန်ပေးရေးစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။