(က)-ကမ်းဇော်ဆီသည် ပြည်သူအများယုံကြည်သလို ကျန်းမာရေးအတွက် အမှန်ကောင်းမွန်စေနိုင်ခြင်းရှိ/မရှိ နှင့် ကမ်းဇော်ဆီအားဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြုဆောင်ရွက်ထားခြင်းရှိ/မရှိကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

(က)-ကမ်းဇော်ဆီသည် ပြည်သူအများယုံကြည်သလို ကျန်းမာရေးအတွက် အမှန်ကောင်းမွန်စေနိုင်ခြင်းရှိ/မရှိ နှင့် အမှန်အကျိုးပြုလျှင် လူသားများ ခံစားနေရသည့်ရောဂါဆိုးများအား ကာကွယ်ကုသရေးတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာနိုင်ရေး၊ နိုင်ငံခြားငွေတိုးချဲ့ရှာဖွေနိုင်ရေး၊ ပြည်သူများ ဝင်ငွေတိုးတက် လာရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ လူသားအကျိုးပြု ဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြုဆောင်ရွက်ထားခြင်းရှိ/မရှိကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေဒသကြီးအတွင်း ပေါက်ရောက်လျက်ရှိသော ဆေးဘက်ဝင် အပင်ကြီးမျိုးဖြစ်သည့် ကမ်းဇော်ဟုခေါ်သော Madhuca Tree က သစ်စေ့မှထုတ်လုပ် ရရှိသောဆီက လူသားများ ခံစားနေရသော ရောဂါဆိုးဖြစ်သော ကင်ဆာရောဂါမျိုးအပြင် အခြားရောဂါမျိုးစုံကိုလည်း ပျောက်ကင်း သက်သာစေကြောင်း ဒေသခံပြည်သူများက ယုံကြည်နေကြပြီး နှစ်ပေါင်းအတော်ကြာကြာ တိုင်းရင်း ဆေးဝါးအဖြစ်ဖြင့် သုံးစွဲလာခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုအခါ Online များအပါအဝင် ကြော်ငြာအတော်များများတွင် ကမ်းဇော်ဆီကို ‌ဈေးနှုန်းကြီးကြီးမြင့်မြင့်ဖြင့် ကြော်ငြာရောင်းချ နေမှုများလည်း တွေ့ရှိရပါကြောင်း၊ ကမ်းဇော်ပင်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်၊ ဘုတ်ပြင်း၊ ထားဝယ်၊ တနင်္သာရီမြို့နယ်များတွင် သဘာဝအတိုင်း ပေါက်ရောက်သော ဆေးပင် အပင်ကြီးမျိုး ဖြစ်ကြောင်းလည်း သိရပါကြောင်း၊ ရေစပ်စပ်ရှိသော ရွှံ့နွံထူထပ်သည့်အပိုင်းတွင် ပိုမိုပေါက်ရောက် ကြောင်းနှင့် ရေကမ်းစပ်တွင်ပေါက်သော ရေကမ်းဇော်နှင့် ကုန်းပိုင်းတွင် ပေါက်သော ကုန်းကမ်းဇော် ဟူ၍ နှစ်မျိုးရှိကြောင်းကိုလည်း သိရပါကြောင်း၊ အပင်နှစ်မျိုး၏ အရွက်၊ အပွင့်၊ အသီးကနည်းနည်း မတူထူးခြားသော်လည်း အစေ့ကရရှိသည့်အဆီက အာနိသင်အတူတူပဲဟု သိရပါကြောင်း၊ ကမ်းဇော်ပင်၏ ရုက္ခအမည်က Bassia Longifolia ဖြစ်ပြီး Supportive case မျိုးရင်းတွင်ပါပြီး အင်္ဂလိပ်လို Madhuca Tree ဟု ခေါ်ကြောင်းလည်း သိရပါကြောင်း၊ တချို့က မယ်ဇယ်ပင်နှင့် ဆင်တူ၍ ရေမယ်ဇယ်ပင်ဟုလည်း ခေါ်ကြပါကြောင်း၊ တောင်မင်းကွတ်၊ သစ်ဂျပိုးဟုလည်း ခေါ်ကြပါကြောင်း၊ အပင်ကြီးမျိုးဖြစ်သည့်အတွက် ပေ ၇၀ မှ ၈၀ အထိ မြင့်ကြပြီး လုံးပတ်က ၆ ပေ၊ ၇ ပေ အထိ ထွားကျိုင်းပြီး နှစ် ၆၀ ခန့် အသီး သီးကြကြောင်းလည်း သိရှိရပါကြောင်း၊ အပွင့်က နို့နှစ်ရောင်ရှိပြီး အသီးက ခရေသီးနှင့်တူပြီး အသီးထဲကအဆံက မြေပဲကဲ့သို့ အဆံလေးများ ပါသည့်အတွက် အဆံကိုမြေပဲဆီ ကြိတ်သကဲ့သို့ ကမ်းဇော်ဆီကို ထုတ်ယူရရှိကြောင်းလည်း သိရပါကြောင်း၊ သစ်မာမျိုးဖြစ်ပြီး ကဆုန်၊ နယုန်လများတွင် အသီးသီးကြောင်းလည်း သိရပါကြောင်း၊ ကမ်းဇော်ဆီသည် ၄၀ ကျပ်သားခန့်ဝင် ပုလင်းတစ်ခုကို လေး၊ ငါးသောင်းခန့် တန်ဖိုးရှိကြောင်းနှင့် လိုအပ်သလို ဝယ်ယူမရနိုင်သည့်အတွက် အတုအပများ ပြုလုပ်ကြောင်းလည်း သိရပါကြောင်း၊ ကမ်းဇော်ပင်၏ သစ်သားအရောင်က နီညိုရောင်ရှိပြီး အသီးအပွင့်များက အဆုပ်လိုက်သီးပွင့် ကြောင်းနှင့် ကမ်းဇော်ဆီကို အဆီအတိုင်း သောက်သုံးကြကြောင်း နှင့် Cholesterol ကို မတိုးပွား စေဘဲ ကင်ဆာရောဂါအပါအဝင် ထိခိုက်ဒဏ်ရာမျိုးစုံ၊ ရောဂါမျိုးစုံကို ပျောက်ကင်းသက်သာသည်ဟု ယုံကြည်သုံးစွဲနေကြကြောင်းလည်း သိရပါကြောင်း၊

ကမ်းဇော်ဆီစစ်စစ်သည် နှစ်နှစ်ခန့်ကြာသည့်တိုင်အောင် အရောင်၊ အဆင်း၊ အနံ့အရသာ မပြောင်းလဲဘဲ သဘာဝအတိုင်းရှိသည်ဟု သိရပါကြောင်း၊ ထို့ကြောင့် ပြည်သူများယုံကြည်သုံးစွဲ နေကြသည့် ဆေးဘက်ဝင်သဘာဝအဆီသည် ကျန်းမာရေးအတွက် အမှန်တကယ်အသုံးဝင်ခြင်း ရှိ/မရှိ၊ ကျန်းမာရေးအတွက် အမှန်တကယ် အသုံးဝင်ပါက သုံးစွဲသူများအတွက် ဘေးအန္တရာယ် မဖြစ်စေရေး၊ သုံးစွဲသည့်အချိုးအစားမှန်ကန်ရေး၊ ယုံကြည်သုံးစွဲနေသူများအတွက် ဘေးထွက် ဆိုးကျိုးများ ကင်းဝေးစေပြီး နည်းမှန်လမ်းမှန် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေး၊ လူသားတို့အကျိုးရှိရှိ ရောဂါဆိုးများနှင့် ကုသပျောက်ကင်းနိုင်ရေးအတွက် အမှန်အသုံးဝင်ပါက ‌ခေတ်မီဆေးဝါးများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး၊ အပင်များစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံ နှင့် ပြည်သူအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာစေရေးအတွက် ကမ်းဇော်ဆီသည် ပြည်သူအများ ယုံကြည်သကဲ့သို့ ကျန်းမာရေးအတွက် အမှန်ကောင်းမွန်နိုင်ခြင်း ရှိ/မရှိနှင့် အမှန်အကျိုးပြုပါက လူသားများခံစားနေရသည့် ရောဂါဆိုးများအား ကာကွယ်ကုသရေးမှ ကျယ်ကျယ်ပြန်ပြန့် သုံးစွဲလာနိုင်ရေး၊ နိုင်ငံခြားငွေတိုးချဲ့ရှာဖွေနိုင်ရေး၊ ပြည်သူများဝင်ငွေတိုးတက် လာရေး၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး၊ လူသားအကျိုးပြု ဆေးဘက်ဝင်အပင် တိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြု ဆောင်ရွက်ထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။