(ခ)-ကော့မှူးမြို့နယ်ရှိ လူကြီးလူငယ်များအားကစားနှင်‌့ ကျန်းမာရေးလေ့ကျင်‌့မှုအတွက် အားကစား ကွင်းအား အဆင်‌့မြှင်တင်၍ သန့်ရှင်းသောအားကစားလေ့ကျင်‌့ရာနေရာတစ်ခု ဖြစ်ပေါ်လာစေ‌ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

ပထမဦးစွာ လူငယ်များအတွက် ပြောချင်ပါကြောင်း၊ ကော့မှူးမြို့နယ်မှ လူငယ်များသည် ရန်ကုန်မြို့ပေါ်မှ လူငယ်များကဲ့သို့ အားလပ်အချိန်တွင် အားကစားလေ့ကျင်‌့ရာတွင် အသုံးပြုရန်နေရာခင်းကျင်း နည်းပါးပါကြောင်း၊ လူငယ်များအားကစားစိတ်ဓာတ် ရှင်သန်နိုးကြား နေမည်ဆိုလျှင် မူးယစ်ဆေးဝါးနှင့် အခြားမကောင်းသည့် စိတ်ထွက်ပေါက်များ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးပြီးသား ဖြစ်မည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ မြို့နယ်တွင် အဆက်မပြတ် ကျင်းပပေးမည်ဆိုလျှင် တိုင်းပြည်ဂုဏ်ဆောင်လာမည့် အခြေခံအားကစားသမား ကောင်းများကိုလည်း စုစည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် လူကြီးများအတွက် စဉ်းစားလျှင်လည်း ဝန်ထမ်းများ၊ လုပ်သားအင်အားစုများ၊ လူလတ်ပိုင်းများ၊ အငြိမ်းစားလူကြီးများသည် စိမ်းလန်းသည့်မြက်ခင်း၊ အေးချမ်းသည့် ဘောလုံးကွင်းနားတွင် ကာယလေ့ကျင့်ခန်းများ လုပ်နိုင်ရန်နှင့် အပျော်ကစားနိုင်ရန်လည်း လိုနေပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနားယူနိုင်ခွင်‌့သည် ပြည်သူတစ်ဦးချင်းစီ၏ အခွင်‌့အရေးဖြစ်ပါကြောင်း၊  ထိုအခွင့်အရေးရရန်အတွက် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များနှင့်တကွ ပြည်ထောင်စုဝန်ကြီး ဌာနများတွင် တာဝန်ရှိသည်ဟု ထင်မိပါကြောင်း၊

မိမိတို့မြို့နယ်တွင်၂၀၀၀ ခုနှစ်တွင် အားကစားကွင်း တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်အထိ အားကစားပြိုင်ပွဲကို ငါးကြိမ်သာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင်‌့ထိ သုံးကြိမ်ကျင်းပနိုင်ပြီး မိမိတို့ဌာနပေါင်းစုံအဖြစ် နှစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါကြောင်း၊  ထိုသို့ကျင်းပသည့်အခါ ခိုက်ရန်ဖြစ်ပွားမှုများနှင့်သာ အဆုံးသတ်နေပြီး အားကစားပြိုင်ပွဲများကို အောင်အောင်မြင်မြင် ကျင်းပလာခဲ့သည်မှာ နှစ်ကြိမ်သာရှိပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ၆ လပိုင်းတွင် မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အကူအညီဖြင့် ပြုလုပ်ပြီးဖြစ်သော်လည်း အားကစားပြိုင်ပွဲ ကျင်းပ၍ မရသေးပါကြောင်း၊ မိမိတို့မြို့နယ်တွင် အားကစားကွင်း မရှိသည့်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် အဆင်ပြေသလို၊ အလျင်းသင်‌့သလို ရပ်ကွက်အုပ်စုများ စုပေါင်းပြီး ကစားသည့် ဇမ္ဗူဟိန်းအားကစားကွင်းသာရှိပါကြောင်း၊ ရာသီစုံကစားနိုင်သော်လည်း ကွင်းအနေအထားကျဉ်းသည့် အတွက်ကြောင့် ဖြစ်ဖြစ်မြောက်မြောက် ကစား၍မရပါကြောင်း၊ ကော့မှူးမြို့၏ အရှေ့ခြမ်းတွင်လည်း ကျေးရွာအုပ်စုများ စုပေါင်းပြီး ဖောက်လုပ်ထားသည့် ကွင်းလေးရှိပါကြောင်း၊ ထိုကွင်းတွင်လည်း နွေရာသီတွင်သာ အုပ်စုပွဲ‌ကစားရပါကြောင်း၊ ထို့ကြောင့် ကော့မှူးမြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကိုယ်စား အားကစားကွင်းတစ်ကွင်း အဆင်‌့မီပြုလုပ်ပေးပါရန် မေးမြန်းပါသည်။