(ဆ)-ရမည်းသင်းမြို့နယ်၊မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက် (A)၊ဝါးဖြူတောင်ဒေသရှိရွှေလုပ်ကွက် (B)၊သပြေပင်ဒေသနှင့် ဇီးဖြူကုန်းဒေသရှိ ရွှေလုပ်ကွက် (C) တို့အား တရားဝင်ရွှေထုတ်လုပ်ခွင့်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက် (A)၊ ဝါးဖြူတောင်ဒေသရှိ ရွှေလုပ်ကွက် (B)၊ သပြေပင်ဒေသနှင့် ဇီးဖြူကုန်းဒေသရှိ ရွှေလုပ်ကွက် (C) တို့အား တရားဝင်ရွှေ ထုတ်လုပ်ခွင့် ပြုပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

 

ရမည်းသင်းမြို့နယ်သည် ရွှေသတ္တုအများအပြားထွက်ရှိရာ ဒေသဖြစ်ပြီး အကြီးစားရွှေ လုပ်ကွက်ကြီးများ လုပ်ကိုင်ရာဒေသလည်း ဖြစ်ပါကြောင်း၊ (A) လုပ်ကွက်သည် ဧက ၆၀၀၀ ကျော်ရှိပြီး (B) လုပ်ကွက်သည် ဧက ၈၀၀၀ ကျော်နှင့် (C) လုပ်ကွက်သည် ဧက ၅၀၀၀ ကျော် ရှိပါကြောင်း၊ ယခင်က (A) (B) (C) လုပ်ကွက်ကြီးများတွင် လုပ်ကိုင်နေကြသော ကုမ္ပဏီများသည် ရွှေကြွေးကျန်များ အပြေအကြေပေးသွင်းနိုင်ခြင်း မရှိသည့်အတွက် လုပ်ကွက်ကြီးများ ပိတ်သိမ်းထားခံ ရသည်ကို သိရှိရပါကြောင်း၊  ယခင်က ရွှေသတ္တုတူးဖော်သည့် ကုမ္ပဏီကြီးများ လုပ်ငန်းလည်ပတ်မှု ရှိသည့်အတွက် ဒေသခံပြည်သူများ၊ နိုင်ငံသူနိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြပြီး နိုင်ငံတော်အတွက် ဘဏ္ဍာအခွန်ငွေများလည်း ရရှိပါကြောင်း၊ ဆိုင်ကယ်ကယ်ရီနှင့် ကားကယ်ရီသမားများ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ ကုန်စိမ်းသည်မှအစ ရွှေဆိုင်ပိုင်ရှင်များအဆုံး ဈေးရောင်းသူများအားလုံး အရောင်းအဝယ် အဆင်ပြေခဲ့ကြပါကြောင်း၊ မိုးထိမိုးမိဒေသကို ယခင်က ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာတွင် တာဝန်ကျဝန်ထမ်းများနှင့် ရွှေခိုးတူးသူများ နားလည်မှုများရယူပြီး လုပ်ကိုင်ခဲ့ကြသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ တစ်ပြားတစ်ချပ်မှမရရှိဘဲ သယံဇာတများ များစွာဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိပါကြောင်း၊ ယခုအခါ ၁၂-၁၂-၂၀၁၈ ရက်နေ့က ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဝန်ကြီးဌာနက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပေးရန်အတွက် လျှောက်ထားလာခြင်းကိုလည်း သိရှိရပါကြောင်း၊ လက်ရှိအချိန်တွင် (B) လုပ်ကွက်တွင်ရှိသည့် Actor (2) ပေါက်နှင့် (3) ပေါက်တွင် တရားမဝင်လေလံ ပေးထားသည် ဆိုသည့်အကြောင်း သိရှိရပါကြောင်း၊ အချို့ Actor များတွင်လည်း ဗြုန်းခိုးယူမှုများရှိပြီး ပန်းတောင်ဒေသရှိ ဗြုန်းကြိတ်စက်များကို သယ်ယူပြီး ရွှေထုတ်လုပ်မှုများ ရှိကြောင်း တိုင်ကြားမှုများလည်း ရှိပါကြောင်း၊ လုပ်ကွက် (A) တွင် တရားမဝင်ရွှေထုတ်လုပ်မှု များကြောင်း သတင်းများရရှိသည့်အတွက် ၃၁-၁၂-၂၀၁၈ ရက်နေ့က ဖမ်းဆီးရေးအဖွဲ့နှင့် တက်ရောက် ဖမ်းဆီးသည့်အခါ ဗြုန်းကြိတ်စက်လေးလုံးနှင့်အတူ ဆက်စပ်ပစ္စည်း ၂၈ မျိုးကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းနိုင်ခဲ့ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်နှင့် ဦးစားပေးဆောင်ရွက်ရမည့် မူကြမ်းများတွင် သတ္တုတွင်းလုပ်ကွက်များရှိရာ ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည်၊ နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူနှစ်ဦးနှစ်ဖက် မျှမျှတတအကျိုးရှိစေမည့် Win Win System ကို အခြေခံပြီး အကျိုးတူဆောင်ရွက် မည်ဆိုပြီး ဖော်ပြထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး ဌာနအနေဖြင့် (C) လုပ်ကွက်တွင် အမရာကုမ္ပဏီက ဧက ၃၀၀၀ ကုမ္ပဏီ အသစ်အနေဖြင့် လျှောက်ထားသည်ဟု သိရှိရပါကြောင်း၊ လက်ရှိတွင် (A) နှင့် (B) က ပိတ်သိမ်းထားသည် ဆိုသည့်အကြောင်း သိရှိရပါကြောင်း၊ ထို့ကြောင့် လုပ်ကွက် (A) နှင့် (B) တို့တွင် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ၏ ရွှေကြွေးကျန်များကို ၎င်းတို့အများဆုံး ပေးသွင်းနိုင်သည့် ပမာဏကို ကနဦးအနေဖြင့် ညှိနှိုင်းလက်ခံရယူပြီး ကျန်ရှိကြွေးကျန်များကို အရစ်ကျစနစ်ဖြင့် ညှိနှိုင်းပြီး၊ ၎င်းတို့ထက်ကောင်းသည့် အခြားသောအစီအစဉ်များ ရှိမည်ဆိုပါကလည်း မည်သည့်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရ ရမည်းသင်းမြို့နယ်တွင်ရှိသည့် အကြီးစားရွှေလုပ်ကွက်ကြီးများဖြစ်သည့် (A) (B) (C) ရွှေလုပ်ကွက်ကြီးများကို တရားဝင်လုပ်ကိုင်ခွင့်ပြု ပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။