(စ)-ဝင်းမာလာအောင်ကုမ္ပဏီမှ အများပြည်သူသွားလာသည်‌့လမ်းအား ပိတ်၍ခြံဝင်းခတ်ထားခြင်းကို ဂရန်ချပေးထားခြင်း ကိစ္စနှင်‌့စပ်လျဉ်း၍ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-26

 

(စ)-ဝင်းမာလာအောင်ကုမ္ပဏီမှ အများပြည်သူသွားလာသည်‌့လမ်းအား ပိတ်၍ခြံဝင်းခတ်ထားခြင်းကို ဂရန်ချပေးထားခြင်းကိစ္စနှင်‌့စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး ဂရန်ပြန်လည်ပယ်ဖျက် ပေးရန် ညွှန်ကြားကြောင်း သိရှိရသော်လည်း တစ်နှစ်ခွဲကျော် ကြာသည်‌့ ယခုထက်တိုင် လမ်းကို ဖွင်‌့မပေးသည်‌့ကိစ္စအား ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်ထိပ်ဆုံးတွင် ဂန့်ဂေါမြို့နယ်က ချင်းပြည်နယ်စစ်ကိုင်းတိုင်း ဒေသကြီးအစပ်တွင် တည်ရှိပါကြောင်း၊ ၁၉၉၀ ခုနှစ်မတိုင်မီက မြို့အဝင်လမ်းမကြီးသည် တစ်လမ်းသွားဖြစ်သဖြင့် အလွန်ကျဉ်းမြောင်းပါသော်လည်း ၎င်းနေရာတွင် လှည်းလမ်းကြောင်း အတွက်ကိုပါ ပေးထားခဲ့ပါကြောင်း၊ နွေရာသီတွင် ကားကြီးများပါ သွားလာခဲ့ကြပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် ဝန်ထမ်းများကို အိမ်ရာကွက်သစ်များ ချပေးထားခဲ့ပါကြောင်း၊ ၎င်းကိစ္စမတိုင်ခင်က ယခုအချင်းဖြစ်နေရာတွင် သမဝါယမအသင်းမှ သီးနှံသွင်းလက်ခံကြောင်း သိရှိရပါကြောင်း၊ ရှေးယခင်က ရှေးလူကြီးများ ပြောစကားအရ သစ်ထုတ်ရေး၏ဆင်ဝိုင်းများ ခေတ္တစခန်းချရာ နေရာဖြစ်ပါကြောင်း၊ ထိုနေရာကို ဒေသအခေါ် အင်းဇောင်းဟု ခေါ်ကြပါကြောင်း၊ ၁၉၉၀ ခုနှစ်မတိုင်ခင် နှစ်များက ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် သမဝါယမအသင်းက ပြည်သူအားလုံးပိုင်ဆိုင်ထားခြင်းကြောင့် ကန့်ကွက်သူမရှိ နေရာရခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ၁၉၉၅ ခုနှစ်၊ မြေစာရင်းဌာန၏ (၁-က) စာရင်းတွင် မြို့မြေဟု မရေးဘဲ L ဟု စာရင်းသွင်းထားပါကြောင်း၊ အနီးနားရွာများဖြစ်သည့် လဘို့ကျေးရွာ၊ ရွာစည်ကျေးရွာ၊ ဆိုင်တူးကျေးရွာ၊ ပိုဦးကျေးရွာနှင့် မြို့ပေါ်က ခ.လ.ရ (၅၀) တပ် ရေဘုတ်ရပ်ကွက်တု့ိမှ ကျောင်းသား/သူများ ဂန့်ဂေါအ.ထ.က သို့ ဖြတ်သန်းသွားလာ ကျောင်းတက်ခဲ့ရသည့် လမ်းလည်း ဖြစ်ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် သစ်ထုတ်ရေးဌာန သမဝါယမထံမှ ပြန်စိပ်စက်တည်ထောင်ရန် ငှားရမ်းသုံးစွဲခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ဝင်းမာလာအောင်ကုမ္ပဏီမှ ဝယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အုတ်တံတိုင်း ကာရံခဲ့သည့်အတွက် မြို့လူထုက ဝိုင်းဝန်းကန့်ကွက်ခဲ့ပါကြောင်း၊ ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း သိရသော်လည်း ၎င်းခြံဝင်းအပြင်ဘက်မှ ကွေ့ရှောင်ပြီး လမ်းဘေးမြေဟုဆိုကာ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲမတိုင်မီ ၂-၉-၂၀၁၅ ရက်နေ့တွင် ဂရန်နှစ်ပိုင်းခွဲပြီး ရယူသွားခဲ့ပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကိုယ်တိုင် တိုင်းဝန်ကြီးချုပ်ထံတင်ပြခဲ့ခြင်းကြောင့် အကြိမ်ကြိမ် တိုင်းဒေသကြီး/ခရိုင် အဆင့်ဆင့်စစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်မှအများ ပြည်သူပိုင်ဆိုင်သော လမ်းအား ပြန်လည်ဖွင်‌့လှစ်ပေးရန် ဂရန်ကိုပြန်လည်ပယ်ဖျက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊

မိမိယခုတင်ပြလိုသည်မှာ သက်ဆိုင်ရာဌာနအသီးသီးတွင် မပြောင်းလဲလိုသော အောက်ခြေမှတာဝန်ရှိသူ အချို့သည် အများပြည်သူနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ကိုယ်ထင်သလို ချယ်လှယ်နေကြကြောင်းကို သက်သေအထောက်အထားဖြင့် တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးချုပ်က အမှုကို အဖွဲ့ဖွဲ့စစ်ဆေးစေသည့်အခါ ၎င်းကိုယ်တိုင်ခေါင်းဆောင်ပြီး မိမိနှင့်အတူ စည်ပင်အမှုဆောင် အရာရှိ ပါဝင်ခဲ့ပါကြောင်း၊ မိမိတို့ဘက်က ၁၉၉၀ ခုနှစ် မြို့မြေကွက်ချသည့် မြေပုံကိုတောင်းသည့်အခါ ကလေး ကစားသကဲသို့ မြေကွက်ပုံစံလေးများ ဖြတ်ယူလာပြီး ၁၉၈၇ ခုနှစ်က မြေပုံပေါ်တွင် ကပ်ပြခဲ့ပါကြောင်း၊ မိမိတု့ိဆိုလိုသည်မှာ မြို့မြေကွက်သစ်ချထားစဉ်တွင် မြေပုံမှာ၎င်းလမ်းသည် ထင်ရှားစွာပါဝင်ကြောင်း ပြလိုခြင်းဖြစ်ပြီး ထိုသူတို့ဘက်က ၎င်းမြေပုံမရှိကြောင်း၊ ငြင်းဆိုခဲ့ပါကြောင်း၊ မြေပုံအပြည့်အစုံကို မပြဘဲ အစိတ်အပိုင်းလေးများသာ ပြသပြီး မေကွက်သစ်ချထားပေးခဲ့သည်ဟု ယုတ္တိမတန်စွာနှင်‌့ ငြင်းဆိုခဲ့ပါကြောင်း၊ ၎င်းကိစ္စရပ်ကို စစ်ဆေးသူခေါင်းဆောင် ဌာနတာဝန်ရှိသူက ယခုကဲ့သို့ ဖြစ်နေသည့်အတွက် မိမိတို့က ထပ်မံတိုင်ကြားခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တိုင်းဒေသကြီးမှ အဖွဲ့ဖွဲ့စစ်ဆေးစေခဲ့ပြန်ပါကြောင်း၊ ထိုအခါ ခိုင်လုံသည့်အကြောင်းပြချက် မရှိဘဲ မြေတစ်ကွက်ထဲကို ဦးပိုင် ၂ ခု၊ ဂရန်နှစ်ပိုင်းပိုင်းပြီး ချပေးထားသည့်အတွက် ယုတ္တိမတန်မှု၊ မူလလမ်းဟောင်းကို ပိတ်ပြီးခြံဘေးမှ ကွင်းလမ်းပေးထားသည့် အတွက်လည်း ဥပ‌ဒေ‌များနှင့် မညီညွတ်မှုများ ပေါ်ပေါက်ခဲ့ပြီး လမ်းဖွင်‌့ပေးရန် ဆုံးဖြတ်ခဲ့ကြပါကြောင်းကို ကြားသိရပါကြောင်း၊

ယခုအချိန်တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးကပင်လျှင် သိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ် ပေးနေသည့် အချိန်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကတစ်ဦးက အများပြည်သူပိုင်သည့် လမ်းကို အုတ်တံတိုင်း ခတ်ပြီး ပိတ်ရဲခြင်းမှာ အင်မတန်အတင့်ရဲသည့် ကိစ္စဖြစ်ပါကြောင်း၊ တိုင်းမှလာရောက် စစ်ဆေးသော အဖွဲ့က ဂရန်ချထားပေးသည့် တာဝန်ရှိသူများကိုပါ လိုအပ်သလို အရေးယူရန် စိစစ်တင်ပြခဲ့ကြောင်းလည်း သိရှိရပါသည်။ ထိုကိစ္စကို စစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းလည်း မနည်းပါကြောင်း၊ အမှန်တရားဘက်မှ ရပ်တည်ထွက်ဆိုခဲ့သည့် ရယကနှစ်ဆက်တိုင်လုပ်ခဲ့သော ဗိုလ်ကြီးအငြိမ်းစားနှင့် ဂရန်ချထားပေးသည့် ကောလိတ္တော် အရာရှိပင်လျှင် ကွယ်လွန်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၎င်းမြေနေရာ တည်ရှိသည့် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆက်ဆက်၊ အမှတ် (၄) ရပ်ကွက်တွင် သုံးဆက်တိုင်အုပ်ချုပ်ခဲ့သည့် အုပ်ချုပ်ရေးမှူး၊ လဘို့ကျေးရွာနှင့် ဆိုင်တူးကျေးရွာမှ အုပ်ချုပ်ရေးမှူးများအားလုံးသည် ၎င်းတို့ဖြတ်သန်း၍ ကျောင်းသွားခဲ့သည့် နေရာဆိုသည်ကို ပြည်သူဘက်မှ ရပ်တည်ထွက်ဆိုပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိသိရှိလိုသည်မှာ ယခုလက်ရှိ ကောလိတ္တော်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူက မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်း၊ မိမိမေးသည့်အခါတိုင်း ဂရန်ပြန်မအပ်သေးပါဆိုသည့် အဖြေသည် သင့်လျော်ပါသလား၊ ဖြစ်သင့်ပါသလား၊ ဥပဒေနှင့်ညီပါသလား၊ အချိန်မည်မျှကြာကြာ ဂရန်မအပ်လို့ဆိုပြီး စောင့်နေခွင့်ရှိပါသလား ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။